ကြောက်စရာကောင်းတဲ့ ပျားတူ (သို့) ပဒူ
၁၉၇၀ ပြည့်နှစ်လောက်က အာရှနဲ့ ဥရောပတစ်ခွင်မှာ သတင်းဆိုးနဲ့ နာမည်ကျော်ကြားခဲ့တဲ့ တောကြီးပျားတူ (ခေါ်) ပျားတူကောင်တွေဟာ အရမ်း အန္တရာယ်များတဲ့ အင်းဆက်တွေပဲ ဖြစ်ပါတယ်။သူတို့ရဲ့အတုပ်ခံခဲ့ရသော် လည်းကောင်း၊ အကိုက်ခံရခဲ့ရင်သော် လည်းကောင်း၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်အထိ ဖြစ်နိုင်ချေ ရှိပါတယ်။
|
တကယ်တော့ ပျားတူ ကောင်တွေဟာ လူတွေ ထင်ထားသလိုမျိုး ရန်လိုတတ်တဲ့ အင်းဆက်တွေတော့ မဟုတ်ကြပါဘူး။ သူတို့ဟာ အခြားအင်းဆက်တွေလိုပဲ အသိုက်ဆောက် နေထိုင်လေ့ရှိပြီး သူတို့အတွက် ရန်သူလို့ ယူဆရတဲ့အခါမှသာ ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ကြတာပဲ ဖြစ်ပါတယ်။ တောကြီးပျားတူ အသိုက်နဲ့ ၂ မီတာ ၃ မီတာ အကွာအဝေး အတွင်းဟာ အရမ်းကို အန္တရာယ်များတဲ့ နေရာတစ်ခုပေါ့။
ပိတုန်းတွေနဲ့ တောကြီးပျားတူတွေဟာ မျိုးစိတ် တစ်ခုထဲပါပဲ။ ပျားတူတွေကတော့ အရောင်ရင့်ပြီး ၊ အကောင် ကြီးမားတဲ့အပြင် အုပ် စု ကြီးကြီးမားမားဖွဲ့ပြီး နေတဲ့ အင်းဆက်တွေ ဖြစ်ပါတယ်။ပိတုန်းနဲ့ ပျားတူနဲ့ အဓိကကွာခြားတဲ့ အချက်ကတော့ အရွယ်အစားပါပဲ။ ပျားတူဟာ ပိတုန်းထက် အရွယ်ကြီးမားပြီးတော့ ပိတုန်းတွေလို အဝါရောင်နဲ့ အနက်ရောင်အစင်းကြားမဟုတ်ပဲ လိမ္မော်နီရောင် အစင်းကြားရှိလေ့ ရှိပါတယ်။
သူတို့ဟာ များသောအားဖြင့် တောင်ပို့၊ သစ်ပင်ထိပ်ဖျား၊ အမိုးအောက်၊ ခုံအောက်၊ အဖီအောက်၊ သစ်ခေါင်းတွေနဲ့ မြေကြီးထဲမှာ အသိုက်ဆောက်တတ်ကြပါတယ် ။ တစ်ခါတစ်လေမှာ ပျားတူသိုက်တွေကို စာဘူးတောင်း အသိုက်တွေလို တွဲလောင်း အနေအထားမျိုးနဲ့လည်း တွေ့ရတတ်ပါတယ်။မြေကြီးထဲမှာ အသိုက်ဖွဲ့နေတဲ့ကောင်တွေဆို အကောင်ရေပေါင်း ရာထောင်ချီပီး ရှိတတ်ပါတယ်။
ပျားတူတွေဟာ ဝတ်မှုန်ကူးခြင်းကို ထိန်းချုပ်ထားတဲ့ အင်းဆက်တွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မွှားကောင်လို အပင်ဖျက်မျိုးတွေကို ရှင်းလင်းပေးတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းအတွက် အလွန်အထောက်အကူပြုတဲ့ အင်းဆက်တွေဆိုလည်း မမှားပါဘူး။ပျားတွေရဲ့ အဓိက အစားအသောက်ကတော့ အချိုဓါတ်နဲ့ ပရိုတိန်းဓါတ်ပါပဲ။ သစ်သီးဝလံတွေမှ ရရှိတဲ့ အချိုရည်မျိုးကို စားသုံးလေ့ရှိပြီး သစ်စေးကိုလည်း နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြပါတယ်။ပရိုတိန်းဓါတ်ကိုတော့ အခြားအင်းဆက်နဲ့ သတ္တဝါတွေမှ ရယူပါတယ်။ (အခြားအင်းဆက်တွေနဲ့ သတ္တဝါတွေကို စားသုံးခြင်းပဲ ဖြစ်ပါတယ်)
ပျားတူတွေရဲ့ အနှစ်ခြိုက်ဆုံးစားစရာတစ်ခုကတော့ ပျားရည်ပါပဲ ။ ပျားရည်ဟာ သူတို့ရဲ့ ဘုရင်မအတွက် အကောင်းဆုံး ပရိုတိန်းဓါတ် ပေးစွမ်းနိုင်မယ့် အရာတစ်ခု ဖြစ်တဲ့အပြင် အချိုဓါတ်ပါဝင်မှု အမြင့်မားဆုံး ဖြစ်တဲ့အတွက်ကြောင့်ပါပဲ ။ပျားတူတွေဟာ ပျားအုံတွေကိုလည်းအလွယ်တကူ ဝင်စီးနိုင်ပါတယ် ။သာမန်ပျားတစ်ကောင်ရဲ့အရွယ်အစားထက် ၅ ဆလောက် ကြီးမားတဲ့အပြင် ပျားတူတစ်ကောင်ဟာ တစ်မိနစ်ကို ပျားကောင်ရေ ၄၀ လောက် သတ်ဖြတ်နိုင်စွမ်း ရှိပါတယ် ။ဒါပေမယ့် ဂျပန်နိုင်ငံက ပျားတွေကတော့ သူတို့အုံကို ပျားတူတစ်ကောင် လာထောက်လှမ်းတာနဲ့ အသိုက်ကို အကြောင်းမကြားနိုင်ခင် ဝိုင်းတုပ်ပြီးအသေသတ်ပစ်လိုက်ကြပါတယ်။အသေသတ်တယ် ဆိုတဲ့နေရာမှာ ပျားတူကို ဝိုင်းတုပ်ပြီး သတ်ကြတာ မဟုတ်ပါဘူး။ ပျားတူတွေဟာ ပျားရဲ့အဆိပ်ကို မဖြုံပါဘူး။ ဒီအတွက် ဝတ်ရည်ပျားတွေဟာ ပျားတူဘေးကို ဝိုင်းအုံလာပြီးတော့ သူတို့ ခန္ဓာကိုယ်ကို မြန်နှုန်းတစ်ခုနဲ့ လှုပ်ခါပစ်ကြပါတယ်။ဒီကြိမ်နှုန်းကြောင့် ပျားတူရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နေတဲ့ အပူချိန်ဟာ ရုတ်ချည်း မြင့်တက်ပြီးးတော့ ပျားတူကို အရှင်လတ်လတ် လောင်ကျွမ်းသွားပါတယ်။ဂျပန်နိုင်ငံက ပျားတွေသာ အခုလိုစွမ်းဆောင်နိုင်ပြီး အခြားကမ္ဘာ အရပ်ရပ်က ပျားတွေကတော့ ပျားတူတွေရဲ့ လက်အောက်မှာ ပြားပြားဝပ်နေရတုန်းပါ။
ပျားတူရဲ့အဆိပ်ဟာ အရမ်းကို အန္တရာယ် များပါတယ်။ သေစေနိုင်လောက်တဲ့ အဆင့်ထိ မပြင်းထန်ပေမယ့်လည်း အခက်မသင့်ရင် အသက် ဆုံးရှုံးသွားနိုင်ပါတယ်။ ပျားတူရဲ့အဆိပ်ဟာ ကြွက်သားတွေကို ရောင်ယမ်းစေလောက်တဲ့ အထိပဲ အန္တရာယ်ရှိတာပါ။သူတို့ရဲ့အဆိပ်ကို လူရဲ့ခန္ဓာကိုယ်က အဆိပ်တစ်ခုလို့ မစဉ်းစားပေမယ့် အကောင်ကြီးလွန်းတဲ့အတွက် အဆိပ်ပမာဏ အများကြီး ထိုးသွင်းတာကြောင့် အန္တရာယ် ရှိရတာပဲ ဖြစ်ပါတယ်။တကယ်လို့ လည်ပင်းကို ပျားတူတွေအများကြီး အတုပ်ခံရရင် လေပြွန်ထိခိုက်ပြီး အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံသားတွေကတော့ ပျားတူကို သိပ်မကြောက်တဲ့ပုံပါပဲ။ ဂျပန်နိုင်ငံက ရွာတွေဟာ ပျားတူတွေကို အရသာရှိတဲ့ အစားအသောက် တစ်မျိုးအဖြစ် သတ်မှတ်ပြီး ကြော်လှော်ချက်ပြုတ် စားသုံးကြလေ့ ရှိပါတယ်။ သူရဲ့အရသာက တော်တော်ကောင်းတယ် ထင်ပါတယ်။ ထို့အပြင် ပျားတူသားလောင်း ကောင်တွေဟာလည်း အချိုဓါတ် ပါဝင်မှု မြင့်မားပြီး အမိုင်နိုအက်ဆစ် ပါဝင်တဲ့အတွက် ပျားတူသားလောင်းတွေကို အားဖြည့်အချိုရည် ဖော်စပ်တဲ့နေရာမှာ အသုံးပြုကြလေ့ ရှိပါသေးတယ်။