Knowledge and News

မိုးရာသီရောက်တောင်သူလယ်သမားများ မရှိမဖြစ်လိုအပ်သည့်ဝါးခမောက်

Knowledge

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် ဇွန်၊ ဇူလိုင်လများတွင် မိုးစပါး စတင်စိုက်ပျိုးချိန်ဖြစ်၍ မိုးစပါးစိုက်တောင်သူများအနေဖြင့် မိုးကာနှင့် ဝါးခမောက်သည် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းဖြစ်ပါသည်။

ဝါးခမောက်ကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ ကျေးလက်/မြို့နေ လူတန်းစားမရွေး သုံးစွဲခဲ့ကြပြီး ယခုအခါတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာမှုကြောင့် ဝါးခမောက်အစား Ready made ထီးနှင့် မိုးကာများကိုသာ သုံးစွဲလာကြသည်ကို တွေ့ရှိရပါသည်။

ပြည်တွင်းထုတ်ကုန် ဝါးခမောက်သည် လူသုံးစွဲမှုနည်းလာသည်ကို တွေ့ရှိရပါသဖြင့် ဝါး ခမောက်လုပ်ငန်း တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ပါသည်။ အိမ်တွင်းမှု တပိုင်တနိုင်လုပ်ငန်းဖြစ် ၍ ကြာမြင့်လျှင် ပျောက်ကွယ်နိုင်ဖွယ်ရှိပါသဖြင့် ဝါးခမောက်လုပ်ငန်း လုပ်ကိုင်သူတို့၏ မိသားစု စား ဝတ်နေရေး၊ ပညာရေး အဘက်ဘက် မပြည့်စုံသော ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူတို့၏ ဘဝကို စာနာထောက်ထား၍ ရေးသားရခြင်းဖြစ်ပါသည်။

တောင်ငူခရိုင်အတွင်း ဝါးခမောက်လုပ်ငန်းကို ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာ၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာနှင့် တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာတို့တွင် လုပ်ကိုင် လျှက်ရှိပြီး ၎င်းတို့သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော်လည်း တစ်ဘက် တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ဝါးခမောက်လုပ်ငန်းကို တွဲဖက်လုပ်ကိုင်နေကြောင်း တွေ့ရှိရပါသည်။

ဝါးခမောက်လုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ်သော အဓိကပစ္စည်းမှာ ဝါးဖတ်ဖြစ်ပါသည်။ ဝါးဖတ်ကို ပဲခူးရိုးမသို့ ထင်းခွေ၊ ဝါးခုတ်သွားသူများထံမှ မှာယူကြရပါသည်။ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှလည်း မှာယူကြောင်း သိရှိရပါသည်။

ဝါးခမောက်ပြုလုပ်ရန်အတွက် မပြုလုပ်မီ အနားကွပ်ရန် ကြက်သောင်းဝါးကို ခွဲစိပ်၍ အခွေပြုလုပ်ပြီး ရေအိုင်ထဲသို့ တစ်လခန့် စိမ်ထားရပါသည်။ တစ်ချို့ ဝါးခမောက်လုပ်ကိုင်သူများက ဝါးခွေပြုလုပ်ပြီး ၁၀ ခွေပါ အစည်းတစ်စည်းကို ယခင်က ၁၀၀၀ ကျပ်၊ ယခု ၂၀၀၀ ကျပ်ဖြင့် ရောင်း ပေးသည်ကို သိရပါသည်။ ဝါးခမောက်ပြုလုပ်သူများက ဝါးခွေပြုလုပ်ရာတွင် လက်ဝင်ခြင်း၊ အချိန် ကြာမြင့်ခြင်းတို့ကြောင့် ဝါးခွေပြုလုပ်သူထံမှ ဝယ်ယူကြောင်း သိရပါသည်။

ဝါးခမောက်ပြုလုပ်ရာတွင် ဝါးဖတ်ကုန်ကြမ်းမှာ အချပ်ရေ ၅၀၀ ပါ တစ်လိပ်ကို ယခင်က ၁၃၀၀၀ ကျပ်၊ ယခု ၁၅၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ဝါးဖတ်ရှယ်ဆိုလျှင် ယခင် ၁၈၀၀၀ ကျပ်၊ ယခု ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ ဝယ်ယူရကြောင်းသိရပါသည်။ ပိုးချည်လုံး အသေးမှာ ဝါးဖတ် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ရာတွင် အသုံးပြုရပြီး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်အထိ ဝယ်ယူ ရပါသည်။ ဝါးခမောက်အပေါ်ပိုင်း အလယ်တည့်တည့်တွင် တပ်ဆင်ရသော ပစ္စည်းမှာ လက်ပံဆူး ဖြစ်၍ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ပေးရပါသည်။ အချော ကိုင်ရာ တွင် အသုံးပြုသော ပျားဖယောင်းမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ် ပေးဝယ်ရကြောင်း သိရှိရပါ သည်။

ဝါးခမောက်တစ်လုံး စတင်ပြုလုပ်မည်ဆိုပါက ဝါးဖတ် ၇ ရွက်ကို လိုအပ်သလို ဖြတ်ညှပ် ၍ ဆက်ရပါသည်။ ဝါးဖတ် အပိုင်းအစများသည် မလွှတ်ပစ်ရဘဲ ပြန်လည်အသုံးဝင်ကြောင်း သိရှိရပါ သည်။ ဝါးခွေအား လိုအပ်သလို ခွဲခြားစိပ်ဖြာလျှင် ဝါးခမောက် ၈ လုံးမျှ အသုံးပြုရပါသည်။ ခမောက် အောက်ခံပုံစံအား ဆက်ထားသောဝါးဖတ်ကို လိုအပ်သလောက် အဝိုင်းအတိုင်းဆက်ပြီး ကတ်ကြေး ဖြင့်ညှပ်ရပါသည်။ ပုံဖော်ညှပ်ထားသော ဝါးဖတ်ကို ကွပ်ဝါးတပ်၍ ဝါးညှပ်တံဖြင့် ဖိကိုင်ပြီး ချည်ကြိုး ဖြင့်ချုပ်ရပါသည်။

ဒုတိယအဆင့်အနေဖြင့် အပေါ်ခွံအုပ်လေး ပြုလုပ်ရပါသည်။ ဝါးဖတ်နှစ်ထပ်ညှပ်ပြီး လို အပ်သလောက် ဆိုဒ်ရရန် ပုံဖော်၍ ဝါးညှပ်တံဖြင့် ပူး၍ ချည်ရပါသည်။ အပေါ်ခွံအုပ်ကလေး လှပ တောင့်တင်းအောင် ပြုလုပ်ရာတွင် ဝါးဖတ် အတိုအစများဖြင့် ပြုလုပ်ရပါသည်။ ဝါးခမောက် အဝိုင်းပုံ နှင့် အပေါ်ခွံအုပ် တွဲချုပ်ရန် တိုင်းထွာဖြတ်တောက်ပြီး အလယ်ဝိုင်းဝါးကွပ်ထည့်၍ တွဲချုပ်ရပါသည်။ ပြီးစီးပါက ဝါးခမောက်အား ဖယောင်းဖြင့် အချောကိုင်ပွတ်တိုက်၍ အပေါ်ခွံအုပ် အလယ်တည့်တည့် တွင် အချောကိုင်ထားသော လက်ပံဆူးဘုကလေး တပ်ဆင်ပြီးစီးပါက ရောင်းတန်းဝင်ဝါးခမောက် တစ်လုံး ပြီးစီးပါပြီ။

ဝါးခမောက်ပြုလုပ်ရာတွင် မိသားစု ၃ ယောက်လုပ်ကိုင်ပါက တစ်နေ့လျှင် အလုံး ၄၀ ခန့် ပြီးစီးပါသည်။ ဝါးခမောက်ကို ခမောက်ဝိုင်း၊ ခမောက်ချွန်ဟူ၍ နှစ်မျိုးထုတ်လုပ်ပါသည်။ ခမောက် ကြီး၊ လတ်၊ သေးဟူ၍ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျှက်ရှိပါသည်။ အကြီး ၂၀၀၀ ကျပ်၊ အလတ် ၁၅၀၀ ကျပ်၊ အသေး ၁၂၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ဝါးခမောက်တစ်လုံး ကုန်ကျစရိတ် မှာ ပျှမ်းမျှ ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်ရှိပြီး တစ်ရက်အကျိုးအမြတ်အနေဖြင့် ၂၀၀၀၀ ကျပ်ဝန်းကျင် ခန့် အမြတ်ရရှိကြောင်း သိရပါသည်။

ဝါးခမောက်လုပ်ငန်းသည် ပြည်တွင်းထုတ်ကုန်ပစ္စည်းလုပ်ငန်းတစ်ခုလည်းဖြစ်၊ တစ်ပိုင် တစ်နိုင်လုပ်ငန်းလည်းဖြစ်ပြီး မိသားစု စားဝတ်နေရေး၊ ပညာရေးတို့အတွက် အထောက်အကူပြု သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

Credit: DOCA(ပဲခူး), doca.gov.mm