Knowledge and News

ရှားပါးလွန်းတဲ့ အပြာရောင်ပင်လယ်နဂါး

Knowledge

အလွန်ထူးဆန်းတဲ့ ရေနေသတ္တဝါတစ်ကောင်ဟာ ကမ်းခြေမှာ သောင်တင်သေဆုံးနေလို့ ဒေသခံတွေဟာ အလွန်အံ့သြနေကြပါတယ်။ အများစုကတော့ ဒီသတ္တဝါဆန်းကို အပြာရောင် ပင်လယ်နဂါးလို့ တင်စားနေကြပြီး၊ နှစ်(၁၀၀၀)မှာတောင် တစ်ကြိမ်တွေ့ဖို့ မလွယ်ဘူးလို့ ပြောသူတွေရှိနေပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီသတ္တဝါဟာ အလွန်ရှားပါးတယ်လို့ ဆိုပါတယ်။ ဒီသတ္တဝါဟာ တောင်အာဖရိက ကမ်းရိုးတန်းတစ်ခုမှာ တွေ့ခဲ့ရတာပါ။ နားလည်တတ်ကျွမ်းသူတွေ တချို့တော့ ဒီသတ္တဝါကို အရမ်းကာရော ကိုင်တွယ်ဖို့ မသင့်ကြောင်း ” သမုဒ္ဒရာရဲ့ အလှပဆုံး သားသတ်သမား”လို့တောင် ပြောလို့ရကြောင်း ဆိုပါတယ်။

အဆိုပါ သတ္တဝါရဲ့ အမြှီးမှာ အဆိပ်ဆူးပါကြောင်း သိရပါတယ်။ ဒီသတ္တဝါတွေ့ရှိခဲ့ရာ နေရာကတော့ ကိပ်တောင်းမြို့၊ Fish Hoek ကမ်းခြေမှာဖြစ်ပြီး၊ အဖွားအိုတစ်ဦး မနက်ခင်း လမ်းလျှောက်စဉ်မှာ တွေ့ခဲ့တာလို့ သိရပါတယ်။ ဒေသခံတွေကတော့ Blue Dragon (အပြာရောင်နဂါး)လို့ ခေါ်ဆိုကြပါတယ်။

အလွန်လှပတဲ့ အရောင်အသွေးနဲ့အတူ မြင်တာနဲ့ပြေးပြီး ကိုင်ချင်စရာပါ။ ဒါပေမယ့် အဆိပ် အလွန်ပြင်းထန်ပါတယ်။သတ္တဝါရဲ့ ဝမ်းဗိုက်ဟာ အဖြူရောင် အရေပြားပျော့ပျော့ဖြစ်ပြီး Sea Slug မျိုးဖြစ်တာကြောင့် ပင်လယ်ပက်ကျိ မျိုးနွယ်ဝင်တွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

Glaucus atlanticus လို့ သိပ္ပံအမည်ပေးထားပြီး၊ Blue glaucus ဆိုတဲ့အမည်ကလည်း လူသိများပါတယ်။ Glaucus တွေဟာ Portuguese man o’ war လို့ခေါ်တဲ့ အဆိပ်ပြင်ဂျယ်လီငါးတွေကိုလည်း စားသောက်နိုင်စွမ်းရှိပြီး၊ အလွန်သေးငယ်တဲ့ Blue Bottle Jelly ကဲ့သို့သော ဂျယ်လီ ငါးတွေကိုလည်း စားသောက်ရတာကို နှစ်ခြိုက်ကြပါသတဲ့။

သူတို့ခန္ဓာကိုယ်မှာ အလွန်သေးငယ်တဲ့ အပ်ချိတ်ပုံစံ ဆူးဆဲလ်လေးတွေ ရှိပြီး အခြားသတ္တဝါတွေကို တောက်တဲ့လို တွယ်ကပ်ကာ တမြေ့မြေ့ စားသုံးပါတယ်။ ဒါကြောင့်လည်း တော်တော်များများက ဒီသတ္တဝါလေးတွေကို သမုဒ္ဒရာရဲ့ အလှဆုံး သားသတ်သမားလို့ တင်စားကြတာပါ။

လူတွေကို ဒီသတ္တဝါက ရန်ပြုတိုက်ခိုက်မယ်ဆိုပါက အော့အန်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ မူးဝေမောပန်းခြင်း၊ အရေပြားရောင်အန်းနာကျင်ခြင်းတွေ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

Credit: Original Uploader