Knowledge and News

ကမ္ဘာမြေမြောက်ဖျားအဆုံးက ရေခဲမြို့လေးအကြောင်း

Knowledge, Travel

အထီးကျန်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရေခဲတိုက် အစရှိတဲ့ ဂုဏ်ပုဒ်တို့မှာ အသက်သွေးတို့ ရင်းနှီးကာ တည်ဆောက်ထားရတဲ့ ကမ္ဘာ့မြောက်ဖျားဆုံးက နောရစ်ခ်မြို့ရဲ့ ဂုဏ်ရည်အချို့ ဖြစ်ပါတယ်။

ဒီမြို့လေးဟာ အာတိတ် စက်ဝိုင်းစွန်းမှနေ မြောက်ဘက် မိုင် ၂၅၀ အကွာတွင် တည်ရှိပြီး နီကယ်၊ ကြေးနီ၊ ပလာဒီယမ် သတ္တုများ လှိုင်လှိုင်ထွက်တဲ့ သယံဇာတ ကြွယ်ဝသောမြို့အဖြစ် လူသိများသလို မြောက်ဝင်ရိုးစွန်းနှင့် နီးလွန်းသဖြင့် ရေခဲသေတ္တာထဲကမြို့ အဖြစ်လည်း လူသိများကြပါတယ်။

၁၉၃၅ ခုနှစ်တွင် ဓာတ်သတ္တုများတွေ့ ရှိခဲ့ပြီးနောက် နောရစ်ခ်မြို့ကို တစ်ကျွန်းစံ အကျဉ်းသားများဖြင့် စတင် တည်ထောင်ထားခဲ့တယ်လို့ သိရပါတယ်။ ကြမ်းတမ်းလှသော ရာသီဥတုမှာ လူ့အသက်ပေါင်း ထောင်သောင်းချီ ဆုံးပါးခဲ့ရရင်း ဒီမြို့လေး ဖြစ်ပေါ်လာတာပါ။

ကမ္ဘာ့မြောက်ဖျားစွန်းနား ကပ်နေသော နောရစ်ခ်မြို့အဖို့ ပြင်ပကမ္ဘာနှင့်ကုန်းလမ်းအဆက်အသွယ် မရှိပေ။ လေကြောင်းကိုသာ အားကိုးရပြီး ရေလမ်းကလည်း တစ်နှစ်လုံးမှာမှ လပိုင်းအနည်းငယ်လောက်သာ ဖွင့်တာပါ။

တစ်နှစ်လုံးမှာ ရက်ပေါင်း ၂၈၀ လောက်က ဆောင်းတွင်းဖြစ်ကာ ရက်ပေါင်း ၁၃၀ လောက်က နှင်းမုန်တိုင်းတွေ အဆက်မပြတ် တိုက်ခတ်နေတဲ့ မြို့လည်းဖြစ်ပါတယ်။

နောရစ်ခ်ဟာ ဆိုက်ဘေးရီးယားတွင် တည်ရှိပြီး နှစ်စဉ်ပျမ်းမျှအပူချိန် အနုတ် ၁၀ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ဆောင်းရာသီမှာတော့ မြို့အပူချိန်ဟာ အနုတ် ၅၅ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနေတတ်ပါတယ်။

ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသော နောရစ်ခ်မြို့သားများက ကျန်တစ်ကမ္ဘာလုံးကို ကုန်းမကြီးဟု ခေါ်ဝေါ်ကြသည်။

တစ်နှစ်ကို ၂ လက နေ့ရော ညပါ မှောင်မည်းနေတဲ့ ဝင်ရိုးစွန်းညများကို ဖြတ်သန်းရတဲ့ ဒီမြို့လေးဟာ တစ်နှစ်ကို ၉ လ လောက်အထိ ဆီးနှင်းများ ဖုံးလွှမ်းနေတတ်ပေမဲ့ ရာသီဥတုခက်ခဲ ကြမ်းတမ်းသည့်တိုင် သတ္တုတွင်းမြို့ နောရစ်ခ်တွင် လူဦးရေ ၁၇ဝ,ဝဝဝ ကျော် နေထိုင်နေလျက်ရှိပါတယ်။

တစ်နှစ်လုံးမှာ အမှောင်ကြီးစိုးသည့် အချိန်သာ များနေသဖြင့် မြို့ခံများသည် စိတ်ဖိစီးမှု၊ အိပ်ချိန်မမှန်မှု စသည့်တို့ ခံစားကြရပြီး ပျော်ရွှင် တက်ကြွစရာ ပတ်ဝန်းကျင် အနေအထားကလည်း နည်းလှသဖြင့် မြို့ခံများအတွက် စိတ်ဖြေစရာ လှုပ်ရှားမှုမျိုးတွေဟာလည်း အလွန်နည်းပါးလှပါတယ်။

တစ်နှစ်လုံး တောင့်တခဲ့ရသော နွေဦးရာသီ အဝင်နေ့တွင် မြို့သားများက စာခြောက်ရုပ်များကို မီးရှို့ကာ ကြိုဆိုကြသည်။ မြို့ခံ အများစုမှာ သတ္တုတွင်းလုပ်သားများ ဖြစ်ပြီး ဘဝက ခက်ထန် ကြမ်းတမ်းလှပေမဲ့အနစ်နာ ခံရမှုများအတွက် ဆုလာဘ်တွေမှာ တစ်နှစ်ကို ရက် ၉၀ ကြာ အားလပ်ရက် ရရှိခြင်း၊ အသက် ၄၅ နှစ်ပြည့်လျှင် အငြိမ်းစား ယူခွင့်ရှိခြင်းတို့ ဖြစ်ကြပါတယ်။

ဆောင်းတွင်းမှာတော့ ကလေးတွေ အပြင်ထွက်ရခဲပြီး လပေါင်းများစွာ ကြာအောင် အိမ်ထဲမှာချည်း နေရတာမျိုးတွေ ကြုံရတတ်တာကြောင့် တိုက်ခန်းတွဲများမှာ ကလေးတစ်ယောက် ဆော့ကစားနိုင်တဲ့ ခန်းမကျယ်ကြီးများ ထည့်သွင်း ဆောက်လုပ် ပေးထားတာဟာလည်း နောရစ်ခ်မြို့ရဲ့ ပုံစံ တစ်မျိုးပါ။

နှင်းမုန်တိုင်း တိုက်ခတ်တဲ့ ရက်များမှာတော့ ဘတ်စ်ကားများ ၁၅ စီး၊ အစီး ၂ဝ တန်းစီပြီး မြို့ထဲနှင့် သတ္တုတွင်းများဆီသို့ လုပ်သားများကို အကြိုအပို့ လုပ်ပေးခြင်းအားဖြင့် ဘတ်စ်ကားတစ်စီး ပျက်သွားသည်နှင့် ခရီးသည်များ အခြား ကားတွေအပေါ် အမြန်ဆုံး တက်ပါစီးနီးနိုင်အောင် စီစဥ်လေ့လည်းရှိကြပါတယ်။

နောရစ်ခ်မြို့ရဲ့ နှင်းမုန်တိုင်းထဲတွင် အကာအကွယ်မဲ့ နေထိုင်ပါက အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ကားတန်းတွေဟာလည်း တစ်နေ့လုံးတွင်မှ ၃ ကြိမ်သာ ထွက်တတ်ကြပါတယ်။

အေးခဲသော ဒေသတွင် တည်ရှိပြီး သတ္တုတွင်းထွက် မီးခိုးများကြောင့် နောရစ်ခ်မြို့ဟာ ကမ္ဘာပေါ်တွင် လေထု အညစ်ညမ်းဆုံး မြို့ ၁၀ မြို့ထဲတွင် ပါဝင်နေပါတယ်။

ကြမ်းတမ်းအေးခဲလှတဲ့ ရာသီဥတုဒဏ်ကို တစ်နှစ်တာကာလပတ်လုံး ခံစားခဲ့ရတာကြောင့် နောရစ်ခ် မြို့ခံများဟာ အခြားသာ ရုရှား ဒေသခံများထက် ပျမ်းမျှ သက်တမ်း ၁၀ နှစ်လောက် တိုတောင်းပါကြတယ်။