Knowledge and News

ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံ

Knowledge

ခရစ်နှစ် ၂ဝ၂၀ ခုနှစ် အောက်တိုဘာလ ၅ ရက် မြန်မာသက္ကရာဇ် ၁၃၈၂ တော်သလင်းလဆုတ် ၄ ရက် (တနင်္လာနေ့)သည် ”ကမ္ဘာ့ဆရာများနေ့” (WORLD TEACHERS’ DAY) ဖြစ်ပါသည်။ ထိုနေ့သည် စင်စစ်အားဖြင့် ပညာရေးနေ့ နေ့ထူးနေ့မြတ် တစ်ရပ်ဖြစ်ပါသည်။ ထိုပညာရေး နေ့ထူးနေ့မြတ်တွင်ကျွနု်ပ်တို့အားလုံး မြန်မာ့ဆရာများအပါအဝင် ကမ္ဘာ့ ဆရာများ၏ ကျေးဇူးဂုဏ်ကို ကောင်းစွာဖွင့်ဟ ဖော်ကျူး ကြ၍ အလေးအနက်ဂုဏ်ပြုကြရမည်သာ ဖြစ်ပါသည်။

ကမ္ဘာ့ဆရာများနေ့ ပေါ်ပေါက်လာပုံ

ကုလသမဂ္ဂ ပညာသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ချုပ် (UNESCO) သည်၊ ”ဆရာများ၏ ဂုဏ်သိက္ခာ”(THE STATUS OF TEACHERS) နှင့် စပ်လျဉ်း၍ ပထမဦးစွာ အသေးစိတ်ရေးဆွဲပြုစုခဲ့ပါသည်။ လွန်ခဲ့ သော လေးဆယ့်ရှစ်နှစ်ကျော်ကာလခန့်က ဖြစ်ပါသည်။ထိုသို့ရေးဆွဲပြုစုပြီးနောက် ထိုကိစ္စသည် အလုပ်သမားရေးရာနှင့်လည်း သက်ဆိုင်နေသည့်ကိစ္စဖြစ်၍ ယူနက်စကိုအဖွဲ့ချုပ်ကြီးက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)နှင့် ထပ်မံဆွေးနွေး ညှိနှိုင်းတိုင်ပင်ပါသည်။

ယူနက်စကိုအဖွဲ့ချုပ်နှင့် အိုင် အယ်လ်အိုအဖွဲ့ချုပ်နှစ်ခုသည် ဖော်ပြပါ ”ဆရာများ၏ ဂုဏ်သိက္ခာ”နှင့် စပ်လျဉ်းသည့် ထောက်ခံချက် (RECOMMENDATION CONCERNING THE STATUS OF TEACHERS) ကို ထပ်မံရေးဆွဲပြုစု ခဲ့ကြပါသည်။ထိုသို့ အဖွဲ့ချုပ်နှစ်ဖွဲ့ ပူးတွဲရေးဆွဲပြုစုရရှိလာသည့် ထောက်ခံချက် (JOINT UNESCO ILO RECOMMENDATION CONCERNING THE STATUS OF TEACHERS) ကို အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြသည့် အထူးညီလာခံကြီး သို့တင်ပြခဲ့ပါသည်။

၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပခဲ့သော အဆိုပါ ”အထူးညီလာခံကြီး” (A SPE-CIAL INTERGOVERMENTAL CONFRENCE) နှင့် ”ဆရာများဂုဏ်သိက္ခာ”(THE STATUS OF TEACHERS)နှင့်ဆိုင်ရာ ”ထောက်ခံချက်”(RECO-MMENDATON)ကို အညီအညွတ် ဆွေးနွေးလက်ခံ အတည်ပြု ပြဋ္ဌာန်းပေးခဲ့သဖြင့် ကမ္ဘာပေါ်တွင် ”ဆရာများ ဂုဏ်သိက္ခာ” ထောက်ခံချက်(ဝါ) ပြဋ္ဌာန်းချက်သည် အခိုင် အမာ အတည်ပြုပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။

ကမ္ဘာ့ဆရာများသမိုင်းတွင် ထိုသို့ သမိုင်းတွင် သမိုင်း ဝင်ဖြစ်ခဲ့ရသည့် ၁၉၆၆ ခုနှစ် ”အောက်တိုဘာလ ၅ ရက် နေ့”ကို”ကမ္ဘာ့ဆရာများနေ့”(WORLD TEACHERS’ DAY)အဖြစ် ကောင်းစွာသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ဆရာ့အတတ် ဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုမှုသည် သမ္မာအာဇီဝဖြစ်၍ ကောင်းသော မွန်မြတ်သော ဂုဏ်တစ်ရပ်လည်းဖြစ်ကြောင်းကို နိုင်ငံတကာ (ကမ္ဘာက) ခိုင်ခိုင်မာမာခံယူထားပြီးဖြစ်ရာ ဤခံယူချက်ကို ကျွနု်ပ်တို့ အားလုံး စနစ်တကျ လက်တွေ့ကျကျ အသုံးချကြဖို့ပင် ဖြစ်ပါသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်အဆိုပါ ကမ္ဘာ့ဆရာများနေ့ကို ၂ဝဝ၂ ခုနှစ် အောက်တိုဘာလ ၅ ရက် နေ့မှစ၍ နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်အဆင့်အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြောင်း လေ့လာမှတ်သားထားမိပါသည်။

Credit: Original Uploader