Knowledge and News

ကမ္ဘာတစ်ဝှမ်းက သမိုင်းဝင်တံတိုင်းကြီးများ

Uncategorized

ယနေ့ထက်တိုင် တွေ့ရှိနေရတဲ့ နံရံတံတိုင်းတွေကို လူသားတွေက လွန်ခဲ့တဲ့ နှစ်ထောင် ပေါင်းများစွာလောက်ကတည်းက ရည်ရွယ်ချက်မျိုးစုံနဲ့ ဆောက်လုပ်ခဲ့ကြပါတယ်။

ရှေးခေတ်အခါကတော့ တံတိုင်းတွေကို လူသားတွေက အန္တရာယ်ပေးနိုင်တဲ့ သားရဲ တိရိစ္ဆာန်တွေကို ကာကွယ်ရန်၊ ရန်သူတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်ရန် နှင့် နယ်နိမိတ် အမှတ်အသားအဖြစ် ရည်ရွယ် တည်ဆောက်ခဲ့ကြတာပါ။

ယနေ့အချိန် ရောက်တဲ့အခါမှာတော့ တံတိုင်းတွေ တည်ဆောက်ရတဲ့ ရည်ရွယ်ချက် အမြင်တွေဟာ ပြောင်းလဲသွားခဲ့ပြီး အထိမ်းအမှတ်အဆောက်အအုံ အမှတ်အသား၊ အနုပညာလက်ရာ အမှတ်အသား၊သမိုင်းဆိုင်ရာ အမွေအနှစ် အမှတ်အသားအနေဖြင့် မှတ်ယူနေကြပြီလည်း ဖြစ်ပါတယ်။

အခုတင်ဆက်ပေးချင်တာကတော့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးသော သမိုင်းဝင်တံတိုင်း(၁၀) ခုရဲ့အကြောင်း ဖြစ်ပါတယ်။

(၁၀) DIYARBAKIR WALLS – တူရကီနိုင်ငံ အရှေတောင်ပိုင်းမှာ ရှိတဲ့၊ တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲက တစ်မြို့ဖြစ်တဲ့  (ဒိုင်ယာဘက်ကယ်) DIYARBAKIR မြို့တော်က တံတိုင်းကြီးဟာလည်း လှပတဲ့ အသွင်အပြင်နဲ့ ကြီးကျယ်တဲ့ သမိုင်းကြောင်း အရ ဒီစာရင်းထဲမှာပါဝင်လာခဲ့ပါတယ်။

DIYARBAKIR WALLS ဟာ အတွင်း/အပြင် နှစ်ပိုင်း တည်ဆောက်ထားတဲ့ တံတိုင်းကြီးဖြစ်ပြီး အပြင်ဘက်ပိုင်းကိုတော့ (ကာရစ်ကေ့) Karacaged မီးတောင်သေမှ မီးသင့်ကျောက်တွေကို ယူဆောင်ပြီးတည်ဆောက်ထားပါတယ်။

အတွင်းဘက်ပိုင်းကိုတော့ အုတ်တွေနဲ့တည်ဆောက်ထားပြီး များစွာသော အခန်းတွေကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဒါအပြင် ကင်းမျှော်စင်၊ လုံခြုံရေးဂိတ်စသည်တို့ကိုလည်း တံတိုင်းအတွင်းဘက်ပိုင်းမှာ ဆက်စပ် တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ DIYARBAKIR WALLS ကိုတည်ဆောက်ခဲ့တာကတော့ ရောမတွေဖြစ်ပြီး ယနေ့အချိန်မှာတော့ ရှေးဟောင်းပုံစံနဲ့ ထပ်မံပြုပြင်ထားတဲ့ အပိုင်းတွေကို ရောနှော မြင်တွေ့ရမှာပါ။

DIYARBAKIR WALLS မှာ ရှိတဲ့ ရှေးဟောင်း အနုပညာ လက်ရာတွေကြောင့်လည်း လာရောက်လေ့လာသူ နှစ်စဉ် များပြားလျက် ရှိနေပါတယ်။

(၉) SACSAYHUAMAN – ရှေးခေတ် Inca အင်ပါယာရဲ့ မြို့တော်ဖြစ်တဲ့ (ဆက်ဆေဟွာမန်) SACSAYHUAMAN ဟာ ယနေ့ ပီရှုးနိုင်ငံ Cusco မြို့အနီးမှာ တည်ရှိပါတယ်။

(ဆက်ဆေဟွာမန်) SACSAYHUAMAN မြို့တော်တံတိုင်းဟာ Zig-zag- shape လို့ သိကြတဲ့ တွန့်လိန်ကောတ်ကွေးတဲ့ ပုံသဏ္ဍာန်ရှိပြီး UNESCO ရဲ့ ကမ္ဘာအမွေ အနှစ်ဆိုင်ရာ ထိန်းသိမ်းစောင့် ရှောက်ရမည့် အဆောက်အဦးစာရင်းဝင်လည်း ဖြစ်ပါ တယ်။

Cusco မြို့ဟာလည်း တောင်ခြင်္သေ့ ပုံ တည်ဆောက်ထားတာ ဖြစ်ပြီး (ဆက်ဆေဟွာမန်) SACSAYHUAMAN တောင်ကုန်းတွေရှိတဲ့ အရပ်ဟာ ဦးခေါင်းပိုင်း ဖြစ်ပါတယ်။ အတွန့်၊ အလိပ်တွေနဲ့ ရှိနေတဲ့ (ဆက်ဆေဟွာမန်) SACSAYHUAMAN တံတိုင်းနေရာကတော့ သွားတွေဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။

(ဆက်ဆေဟွာမန်) SACSAYHUAMAN တံတိုင်းကို တည်ဆောက်ရာမှာလည်း အသေအချာ ပုံသွင်းထားတဲ့ ကျောက်တုံးတွေကို အသုံးပြုထားပြီး တစ်တုံးနဲ့တစ်တုံး စနစ်တကျစီကာ တင်းတင်းကျပ်ကျပ် ထပ်ထားတဲ့ ရှေးဟောင်းဆောက်လုပ်ရေး နည်းပညာရပ်တွေကိုအသုံးပြုထားပြီး စာရွက်တစ်ရွက်တောင် ကျောက်တုံးတွေ ကြားကနေ ဖြတ်သန်းဖို့ မလွယ်လောက်အောင် စည်းစနစ် ကျနတဲ့ ဆောက်လုပ်ရေးနည်းပညာကို အင်ကာတွေက သုံးထားတာကို တွေ့ရပါတယ်။

တိုးတက်ပါတယ်ဆိုတဲ့ ယနေ့ခေတ်မှာတောင် တည်ဆောက်ဖို့ မလွယ်ကူတဲ့လက်ရာ ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေဟာ ပီရှုးနိုင်ငံကို လာရောက်ကြပြီး (ဆက်ဆေဟွာမန်) SACSAYHUAMAN တံတိုင်းမှာ ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို လာရောက် လေ့လာနေကြတာကို တွေ့ရပါတယ်။

(၈) GREAT ZIMBABWE WALLS – ဇင်ဘာဘွေ တံတိုင်းကြီးကတော့ ဇင်ဘာဘွေ ဘုရင့်နိုင်ငံရဲ့ မြို့တော်ကိုကာကွယ်ပေးရန် တည်ဆောက်ခဲ့တာဖြစ်ပြီး အာဖရိကတိုက်ရဲ့ ထင်ရှားတဲ့တံတိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ယနေ့အချိန်မှာတော့ ဇင်ဘာဘွေ တံတိုင်းကြီးဟာ ဇင်ဘာတွေ တစ်နိုင်ငံလုံး ပြန့်ကျဲတည်ရှိနေပြီး အခြေအနေ ဆိုးရွားစွာ ပျက်စီးနေပြီ လည်းဖြစ်ပါတယ်။ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသမှာ အရှည်လျားဆုံးသော တံတိုင်းအဖြစ် ကမ္ဘာကျော် ဇင်ဘာဘွေတံတိုင်းကြီးကို သံခေတ်ကတည်းက စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

(၁၁) ရာစုကနေ စတင်တည်ဆောက်ခဲ့ပြီး (၁၅) ရာစု အထိတိုင်အောင် တည်ဆောက်ခဲ့ရပါတယ်။ ဇင်ဘာဘွေ တံတိုင်းကြီးမှာပဲ တည်ရှိတဲ့ တာဝါဟာ (၃၂)ပေအထိ အမြင့်ရှိကာ (၈၂၀) ပေအထိ ကျယ်ပြန့် ပါတယ်။

(၇) WALL OF BABYLON – မက်ဆိုပိုတေးမီးယန်းခေတ်က စီးပွားရေး၊ လူမူရေးဆိုင်ရာ ကမ္ဘာကျော် ဒသနများစွာကို ဖန်တီးခဲ့တဲ့ ဘေဘီလုံမြို့ကို ယနေ့တိုင် လူသိများပါတယ်။ ထို့အတူ ဘေဘီလုံ မြို့ပြနိုင်ငံကို လာရောက် တိုက်ခိုက်ကြတဲ့ ရန်သူတွေဟာလည်း သိန်းနဲ့ချီရှိနေပြီး ကာလ ရှည် တိုက်ခိုက်ခဲ့ပေမဲ့ ဘေဘီလုံရဲ့ မျိုးရိုးတံတိုင်းကို ကျော်ဖြတ်နိုင်ခဲ့ ခြင်းတော့ မရှိခဲ့ပါဘူး။

ဘေဘီလုံတံတိုင်းကို ဘီစီ ၅၇၀ လောက်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး တံတိုင်းနဲ့ ဆက်စပ်လျက်တည်ရှိတဲ့ (အိရှ်ထာ) Ishtar မြို့ဝင်ဂိတ်ဟာ ကမ္ဘာအံ့ဖွယ်(၇)ပါးမှာ တစ်ပါးအပါအဝင်လည်း ဖြစ်ပါတယ်။

WALL OF BABYLON ဟာ အီရတ်နိုင်ငံအတွင်းမှာ တည်ရှိနေတာဖြစ်ပြီး၊ အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ (၈၅)ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ အီရတ်စစ်အာဏာရှင် ဆာဒမ်ဟူစိန် လက်ထက်မှာတော့ ဘေဘီလုံမြို့တော် နေရာမှာ တစ်ခုတည်းသောကျန်ခဲ့တဲ့ အဆောက်အအုံဖြစ်တဲ့ WALL OF BABYLON ကို ပြုပြင် ထိန်းသိမ်းမှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။

(၆) WALL OF STON – ဥရောပတိုက်ရဲ့ ဒုတိယမြောက် အရှည်လျားဆုံးတံတိုင်းဖြစ်တဲ့ WALL OF STON ဟာ ခရိုအေးရှား နိုင်ငံအတွင်းက (စတန်) Ston မြို့နဲ့ Mali Ston မြို့တို့အကြား ဆက်စပ် တည်ရှိနေပါတယ်။

ကျွန်းဆွယ်တစ်ခုလုံးကို ဖြတ်ပြီးတည်ဆောက်ထားတဲ့ WALL OF STON တံတိုင်းရဲ့ အကျဉ်းဆုံးနေရာ တွေဟာ(၃.၅) မိုင်အထိ ရှည်လျားပါတယ်။

WALL OF STON တည်ဆောက်ရခြင်းကတော့ (၁၅)ရာစု ကာလက ဆားထုတ်လုပ်ရောင်းချရေးလုပ်ငန်းဟာအသက်သွေးကြော လုပ်ငန်း ဖြစ်တာကြောင့် ဆားထုတ်လုပ်ရေးကန်တွေ ကို ကာကွယ်ဖို့ အနေနဲ့ ဆောက် လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ WALL OF STON ကို ဥရောပရဲ့ မဟာတံတိုင်းကြီး အနေနဲ့လည်းလူသိများပါတယ်။

(၅) HADRIAN’S WALL ကိုတော့ (၂) ရာစုအတွင်း တည်ဆောက်ခဲ့တာ ဖြစ်ပြီး ယင်းကာလက ဗြိတိန်ဟာ ရောမတွေရဲ့ ကိုလိုနီနယ်မြေ အဖြစ်သာ ရှိသေးပြီး ရောမဘုရင် (ဟေဒရီယန်) HADRIAN က ထိမ်းချုပ်ထားပါတယ်။ ရောမတွေဟာ ဗြိတိန်မြောက်ပိုင်း (ယနေ့ စကော့တလန်) လူမျိုးစုတွေရဲ့ ရန်ကိုကာကွယ်ဖို့ အတွက် ဒီတံတိုင်းကြီးကိုဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အိုင်းရစ်ပယ်လင်ကနေ မြောက်ပင်လယ်အထိတောင် ရှည်လျားတဲ့ ဒီတံတိုင်းကြီးကို (ထိုင်)Tyne မြစ်ကမ်းတစ်လျှောက် တည်ဆောက်ခဲ့တာ ဖြစ်ပြီး အရှည် (၇၃) မိုင် ရှိပါတယ်။

ဒီလိုတည်ဆောက်ရာမှာ ကျောက်တုံးတွေနဲ့ အဓိက တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့မှာတော့ HADRIAN’S WALL ဟာ ဥရောပရဲ့ ဒုတိယ အရှည်လျားဆုံးနဲ့ အကျော်ကြားဆုံးသော တံတိုင်းကြီးဖြစ်နေပါပြီ။

HADRIAN’S WALL ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ (ဝိုးလ်ဆန့်)Wallsend မြို့ကနေ (ဘန်းနက်စ် အွန် ဆိုးလ်ဝေး) Bowness on Solway အထိ တံတိုင်းတွေကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လေ့လာလေ့ ရှိကြပါတယ်။

(၄) Wall of Troy – နာမည်ကျော် ဂရိကဗျာဆရာကြီး ဟိုးမားရဲ့ (အီလက်ဒ်) lliad အမည်ရှိတဲ့ ကဗျာရှည်ကြီး ပါဝင်နေတဲ့ (ထရိုင်) Troy မြို့ဟာ ယခင်က ဒဏ္ဍာရီထဲမှာ ပျောက်ကွယ်သွားတဲ့မြို့လို့ ယူဆခဲ့ပေမဲ့ (၁၈၆၀) ခုနှစ်မှာတော့ Troy မြို့ကို တူရကီနိုင်ငံက ကမ်းရိုးတန်းဒေသတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

Troy မြို့ရဲ့ အရှေတောင်ပိုင်းမှာ ဇုနတ်မင်းကြီးရဲ့ ဘုံဗိမာန်ရှိတဲ့ အိုင်ဒါတောင် တည်ရှိပါတယ်။ Troy မြို့ဟောင်းနေရာကနေ တွေ့ရှိတဲ့ ဒီတံတိုင်းကြီးကို မြို့ တော်ကာကွယ်ရေး အတွက် ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်ပြီး ထရိုဂျန်စစ်ပွဲကာလ (၁၀)နှစ်အတွင်း ရန်သူတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ခဲ့ပါတယ်။

ဟိုမားရဲ့ ကဗျာအရဆိုရင် ဂရိနဲ့ ထရိုဂျန်လူမျိုးတွေ တိုက်ခိုက်ခဲ့တဲ့ ထရိုဂျန် စစ်ပွဲတွေကို နတ်ဘုရားဇုက အိုင်ဒါတောင်ပေါ်ကနေ ကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။

ဂရိတွေဟာ ထရိုဂျန်မြိုရိုးတံတိုင်းကို လုံးဝကျော်လွန်တိုက်ခိုက်နိုင်ခြင်း မရှိပေမဲ့ ဥပါယ်တံမျဉ်သုံးပြီး သစ်သားမြင်းရုပ်ကြီး တစ်ခု ဖန်တီးကာ ထရိုဂျန်စစ်ပွဲကို အနိုင်တိုက်ခဲ့ပါတယ်။

ဒီဖြစ်ရပ် ဟာ ကမ္ဘာကျော်ဖြစ်ရပ် ဖြစ်တာကြောင့်၊ ယင်းကာလက ဖြစ်စဉ်တွေမှာ ပါဝင်နေခဲ့တဲ့ Wall of Troy ဟာ နာမည်ကျော်ကြား၊ လူသိများပါတယ်။

ယနေ့မှာတော့ Wall of Troy ရဲ့ အချို့သော အစိတ်အပိုင်းတွေဟာ မူလအတိုင်းပဲ ရှိနေပြီး၊ ယင်းကာလက ယဉ်ကျေးမှု စနစ်များစွာကို လေ့လာနိုင်တာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ များစွာ လာရောက် လေ့လာနေကြပါတယ်။

(၃) The Western Wall – အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့အတွင်းမှာတည်ရှိတဲ့ The Western Wall ဟာ ဂျူးလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ အမြင့်မြတ်ဆုံးသော နေရာလည်း ဖြစ်ပါတယ်။

ဒီတံတိုင်းကို ဘီစီ၁၉ ဝန်းကျင်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး သမိုင်းအချက်အလက်အရ ဆိုရင်တော့ Second Temple Peroid ပြီးဆုံးတဲ့ကာလမှာ ဖြစ်ပါတယ်။

တံတိုင်းရဲ့ ကျန်ခဲ့တဲ့ အပိုင်းတွေကို (၇)ရာစု အရှေ့ပိုင်းမှာ တည်ဆောက်ခဲ့တယ်လို့ သမိုင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဂျူးလူမျိုးတွေကတော့ The Western Wall ဟာ ထာဝရဘုရားရဲ့ ဘုရားကျောင်းဆောင် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီနံရံမှာ တည်ဆောက်ထားတဲ့ ကျောက်တုံးတွေဟာ ထာဝရဘုရားကျောင်း တည်ဆောက်ရာမှာ သုံးတဲ့ကျောက်အမျိုး အစားတွေသာ ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

(၂) The Great Wall – (၁၉၈၇) ခုနှစ်က ကမ္ဘာအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရတဲ့ အဲဒီ တံတိုင်းကြီးဟာ ကမ္ဘာအံ့ဖွယ် (၇) ပါးမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

မဟာတံတိုင်းကြီးဟာ ဘေဂျင်းကနေ မီတာ (၃၀၀)လောက် ဝေးတဲ့ (ရှင်ဝန်ဒေါင်) Qinhuangdao မြို့၊ (ရှန်ဟိုင်ဂွမ်)Shanghaiguan အရပ်မှာ ရှိပြီး (ဘိုဟိုင်) Bohai ပင်လယ်ပြင်မှာ အဆုံးသတ်ကာ (၅၅၀၀) မိုင်ကျော် ရှည်လျားပါတယ်။

ဘီစီ ၆ ရာစု မှ အေဒီ ၁၆ ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့ လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဖက်နယ်စပ်ကို ရှုန်းနူတို့ရဲ့တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည် တည်ဆောက်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။

မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ ရာစုကပင် စတင် တည်ဆောက်ထားခဲ့တယ် လို့သိရပါတယ်။

အထင်ရှားဆုံး တံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ရှီဟွမ်တီလက်ထက် ဘီစီ ၂၂၀- ၂၀၀ ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့ပါတယ်။

တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းကြပါတယ်။ မဟာတံတိုင်းကြီးဟာ လူသားတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေထဲမှာ အကြီးဆုံး အရှည်လျားဆုံးအဖြစ်လည်း မှတ် တမ်းဝင်ထားပါတယ်။

(၁) Berlin Wall – ဥရောပက နာမည်ကျော် ဘာလင်တံတိုင်းကြီးကတော့ ဒုတိယကမ္ဘာစစ် ကာလပြီးတဲ့ နောက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ဂျာမနီနိုင်ငံအပေါ် ဆိုဗီယက်တွေရဲ့သပ်လျိုသွေးခွဲမှု တစ်ခုအဖြစ် တည်ဆောက်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် နာဇီဂျာမဏီရဲ့ နယ်မြေများကို အမေရိကန် ၊ အင်္ဂလန် ၊ ပြင်သစ် နှင့် ဆိုဗီယက်တို့က အပိုင်း ၄ ပိုင်း ခွဲခြမ်းခဲ့ကြပါတယ်။

ဆိုဗီယက်က အရှေ့ဂျာမဏီကို ထူထောင်ကာ ပြင်သစ် ၊ အမေရိကန် နှင့် အင်္ဂလိပ်တို့က အနောက်ဂျာမဏီကို ထူထောင်ပေးပြီး စစ်အေးတိုက်ပွဲ ကာလကို စတင် ခဲ့ပါတယ်။

အရှေ့ဂျာမဏီ နေသူတွေဟာ အရှေ့ဂျာမဏီ အစိုးရက အလွန်တင်းကျပ်စွာအုပ်ချုပ်တဲ့အပြင် တိုးတက်မှုကလည်း နောက်ကျတာကြောင့် လွတ်လပ်ပြီး တိုးတက်တဲ့ အနောက်ဂျာမဏီကို အလုံးအရင်း ပြောင်းပြေးခဲ့ကြပါတယ်။

စုစုပေါင်း ပြောင်းရွှေ့သူ ၃ သန်းခန့် အထိ ရှိခဲ့ပါတယ်။ ဒါကို ရပ်တန့်ဖို့အတွက် အရှေ့ဂျာမဏီအစိုးရက ဘာလင်တံတိုင်းကို ၁၉၆၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပါတယ်။

ဘာလင်တံတိုင်းဟာ ၁၀၃မိုင် အရှည်ရှိပြီး အရှေ့ဂျာမဏီ နဲ့ အနောက်ဂျာမဏီကို ပိုင်းခြားထားပြီး နေရာအနှံ့မှာ လျှပ်စစ်ဓာတ် လွှတ်ထားတဲ့ ဝါယာကြိုးတွေကို တပ်ဆင်ထားပါတယ်။

ဘာလင်တံတိုင်းကို ကျော်ဖြတ်ဖို့ကြိုးစားခဲ့ကြတဲ့ ဂျာမန်လူမျိုးများစွာဟာလည်း သတ် ဖြတ်ခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်းမှတော့ ဆိုဗီယက်ယူရေနီယံ ပြိုကွဲလာခြင်းနဲ့အတူ၊(၁၉၈၉) ခုနှစ်မှာတော့ သမိုင်းဝင်အခမ်းအနား ပြုလုပ်ပြီး ဘာလင်တံတိုင်းကို အရှေ့ဂျာမဏီစစ်တပ် နဲ့ ပြည်သူ လက်တွဲဖြိုချကာ ဂျာမနီနိုင်ငံဟာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။

ဒါအပြင်ဘာလင်တံတိုင်း ပြိုကျသွားခြင်းဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်အေးတိုက်ပွဲကာလ ကုန်ဆုံးသွားတဲ့ အမှတ်အသား ဖြစ်တယ်လို့လည်း ထင်ရှားပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ နံရံ/တံတိုင်းတွေဟာ မာကျောကျစ်လစ်ပြီး ခိုင်ခံ့လွန်းတဲ့ အဆောက်အဦးတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ယင်း တံတိုင်းတွေ ယခုလို မာကျောလာရအောင် နုနယ်တဲ့လူသားတွေရဲ့ သွေး၊ချွေး၊ အသက်များစွာ ပုံအောပြီး တည် ဆောက်ခဲ့ရသလို တည် ဆောက်ပြီးစီးတဲ့အချိန်မှာလည်း အနုစိတ်ဆန်တဲ့ အနုပညာ လက်ရာတွေနဲ့ ခြယ်မှုန်း တန်ဆာဆင်ထားရပါတယ်။ တံတိုင်းတွေဟာ ယင်းခေတ်ကာလက အသက်များစွာရဲ့ ခြွေလွင့်သူဖြစ်သလို/ကယ်တင်ရှင်လည်းဖြစ်ခဲ့ပြီး ရာစုနှစ်များစွာ၊ကာလများစွာကို အံတုပြီး ယနေ့တိုင် မပြိုမလဲသေးပဲ တည်ရှိနေပါတယ်။

ဒါဟာ ယင်းခေတ်အခါက လူသားတွေရဲ့ စွမ်းရည်ကို မှတ်ကျောက်တင်ထားတဲ့ မှတ်တိုင်တွေဖြစ်ပြီး ခေတ်အဆက်ဆက် ဆောက်လုပ်ရေးနည်းပညာရပ်တွေရဲ့ ပညာ သိုမှီးရာလည်းဖြစ်ခဲ့ပါတယ်။