Knowledge and News

ထီးလိုမင်းလိုရဲ့ ရာဇဝင်

History, Knowledge

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ဖူးသူ (သို့) ပုဂံကို စိတ်ဝင်စားသူတိုင်း ထီးလိုမင်းလိုဟူသော ခပ်ဆန်းဆန်းနာမည် တစ်ခုကို ကြားဖူးကြပါလိမ့်မည်။ ထီးလိုမင်းလိုဘုရားသည် ပုဂံ၏ အထင်ကရစေတီများထဲတွင် ပါဝင်သည်။ ထိုဘုရားကိုတည်သူမှာ ထီးလိုမင်း လိုမင်း ဖြစ်၏။ ထီးလိုမင်းလိုမင်းကား ယနေ့မြင်တွေ့နေရသော လွှတ်တော်စနစ်ကိုစတင်ခဲ့သူ ပေတည်း။

ပုဂံခေတ် အေဒီ ၁၂၁၁ ခုနှစ်တွင် ထီးလိုမင်းလိုမင်း နန်းတက်၏။ သူ့တွင် နားတောင်များ ၊ ဇေယျသိင်္ခ ၊ ဥဇနာ စသည့်အခြားအမည် သုံးမျိုးလည်း ရှိသေးသည်။ နားတောင်းများ ဟုခေါ်ရခြင်းမှာ သူ့ရဲ့မိခင်ဖြစ်သူဟာ ဖခင်ထံမှထီးနန်းကို သူ့အတွက်တောင်းပေးခဲ့တာကြောင့် ဖြစ်သည်။ ဖခင်ဖြစ်သူ နရပတိစည်သူမင်းတွင် မိဖုရားများစွာ ရှိ၏။

ထိုမိဖုရားတို့ထဲတွင် ဇေယျသိင်္ခ၏ မိခင်ဖြစ်သူမှာ အလွန်ကြင်နာတတ်၏။ တစ်ခါ မင်းကြီးလက်၌ ခူနာစွဲကပ်လေသည်။ သမားတော်တို့ကု စားသော်လည်း မသက်သာခဲ့။ အနာရင်းပြီး သွေးပြည်များကိုက်ခဲမှုကြောင့် အိပ်လို့မပျော်ပဲ ရှိနေသည်။

မင်းကြီး၏ ဝေဒနာကို မရှုရက်နိုင်သော ဇေယျသိင်္ခမိခင်မှာ ခူနာပေါက်သည့်လက်ကို ပါးစပ်ဖြင့်ငုံခဲ့သည်။ အနာသည် အာအပှုကြောင့် အနည်းငယ် သက်သာလာခဲ့သည်။ မိဖုရားအနာကို ငုံထားချိန်မှာ မင်းကြီး လည်း အိပ်ပျော်သွားခဲ့သည်။ ထိုစဉ်အနာသည် ပါးစပ်ထဲမှာ ပင်ပေါက် ထွက်ပြီး ပြည်များထွက်လာသည်။

မင်းကြီးနိုးသွားမှာစိုးသည့်အတွက် မိဖုရားသည် သွေးပြည်များကို ဝမ်းထဲမျိုချလိုက်လေသည်။ မင်းကြီးနိုးသော် ပါးစပ်ထဲမှလက်ကို ဆွဲနှုတ်ပြီး အနာပြည်ပေါက်သွားကြောင့် သိသွားသည်။” ပြည်များကို မျိုချလိုက်သလော” ဟုမေးသောအခါ “မှန်ပါအရှင် မင်းကြီး၊ မင်းကြီးအိပ်ရာမှနိုးသွားမည်စိုး၍ မျိုချလိုက်ခြင်းပါ ” ဟု ပြန်ဖြေသည်။

မင်းကြီးလည်းအလွန်ချစ်မြတ်နိုးတော်မူပြီး လိုရာဆုကိုတောင်းစေသောအခါ မိဖုရားသည် ဇေယျသိင်္ခကို ထီးနန်းပေးရန် တောင်းခဲ့သည်။ နန်းကိုတောင်းတဲ့အတွက် နန်းတောင်းများမင်းဟု ဖြစ်လာသည်။

( ရာဇဝင်တချို့ကမူ မင်းသားငယ်စဉ်က နားတောင်းကို စိန်စသော ရတနာမျိုးစုံဖြင့် အများအပြားဝတ်ဆင်သောကြောင့် နားထောင်းများ မင်းဟု ခေါ်သည်ဟု ဆို၏။  ကျောက်စာများတွင်တော့ နာတောင်မျာမင်း ဟု ရေးထိုးထားသည်။ )

ဇေယျသိင်္ခသည် ညီအစ်ကိုငါးယောက်တွင် အငယ်ဆုံးဖြစ်သည်။ မင်းကြီးက ထီးနန်းလွှဲအပ်ရန် အချိန်ရောက်သောအခါ ညီအစ်ကို ငါးယောက်စလုံးသည် ထီးနန်းနှင့်သင့်တော်သူချည်းသာ ဖြစ်၍ ပေးရခက်နေခဲ့သည်။ ဇေယျသိင်္ခကိုပေးချင်သော်လည်း မမျှတဟု စိတ်ထင်တာကြောင့် ထီးဖြူကို ဆုံးဖြတ်စေသည်။ ခစားနေသော သားတော်ငါးပါး အလယ်တွင် ထီးတော်ကိုထောင်ထားလိုက်သည်။

မင်းပြုထိုက်သူကို ထီးတော် ညွှတ်စေသော် ဟု အဓိဌာန်ပြုလိုက်ရာ ထီးတော်သည် အငယ်ဆုံးသား ဖြစ်သူဇေယျသိင်္ခထံ ညွှတ်လေသည်။ မင်းကလည်းလို ထီးကလည်းလို တာကြောင့် ထီးလိုမင်းလို ဟူသော အမည်ဖြစ်လာသည်။ ခမည်းတော်၏ ဆုံးဖြတ်ချက်ကို သားတော် အကြီး လေးပါးကလည်း နာခံသည်။ ညီတော်အပေါ် အကောက်မကြံကြ။ ဇေယျသိင်္ခကလည်း ထီးနန်းကိုရသော်လည်း ငါဘုရင်ဟု အတ္တမကြီးပဲ နောင်တော်လေးပါးနှင့် အတူတိုင်းပြည်ကို ညီညွတ်စွာအုပ်ချုပ်သည်။

ကမ္ဘာသမိုင်း မြန်မာ့ သမိုင်းများတွင် အာဏာအတွက် သားသတ်အဖေသတ်ဖြစ်ရပ်များထဲမှ ဒီညီအစ်ကိုများ၏ ဆက်ဆံရေးမှာ နွေးထွေးလှသည်။ ဇေယျသိင်္ခသည် ထီးနန်းကိုရယူထား၍ ဘုရင်ဖြစ်သော်လည်း တိုင်းပြည်အာဏာသည် သူတစ်ယောက် တည်းအပေါ်တွင်မရှိ။ နောင်တော်လေးဦး စုရုံးခြင်း ပြုကြသော လွှတ်တော်တွင်သာ ရှိသည်။

လွှတ်တော်တွင် ဝန်ကြီးလေးပါး ခန့်၍ အုပ်ချုပ်သော စနစ်သည် နရပတိစည်သူမင်းလက်ထက်တွင် အုပ်မြစ်ချခဲ့ပြီး ဇေယျသိင်္ခလက်ထက်တွင် တရားဝင်ကျင့်သုံးခဲ့သည်။ လွှတ်တော်(တရားစီရင်ရာနေရာ)အစ ထီးလိုမင်းလိုကဟု ဆိုနိုင်သည်။

ညီအစ်ကိုငါးယောက်တို့ ညီညွတ်မှန်ကန်စွာ မင်းကျင့်တရားနှင့် အညီအုပ်ချုပ်သောကြောင့် ထိုမင်းလက်ထက်တွင် နိုင်ငံတော်သည် အေးချမ်းသာယာခြင်းအတိနှင့် တိုးတက်ခဲ့သည်။ မြောက်အရပ်ရှိ တကောင်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောငါးဆောင်ချမ်း(ယခုဗန်းမော်မြို့အနီး)ကောင်းစင်တို့တွင် နယ်ခြားဝန်များခန့်ထားကာ အုပ်ချုပ်စေနိုင်ခဲ့သည်။

ဇေယျသိင်္ခမင်းတည်ခဲ့သော ဘုရားသုံးဆူတွင် တစ်ဆူသည် ထီးလို မင်းလိုဘုရား ဟူသောအမည်နှင့် ထင်ရှားသည်။ ကျန်နှစ်ဆူမှာ နရပတိစည်သူမင်းကြီး ပြီးဆုံးအောင်မတည်နိုင်ခဲ့သည့် ကန်တော့ပလ္လင်ဘုရားနှင့် မဟာဗောဓိစေတီ တို့ဖြစ်သည်။ နိုင်ငံတိုးတက်ရေးသာ မက သာသနာတိုးတက်ရေးပါဆောင်ရွက်ခဲ့သော ဇေယျသိင်္ခမင်းသည် အေဒီ ၁၂၃၁ ခုနှစ်(သက်တော် ၄၂ နှစ် ) တွင် နတ်ရွာစံကံတော် ကုန်ခဲ့ပါသည်။

ကိုးကား

အံ့ဘွယ်နှလုံးသား နှင့် ထီးလိုမင်းလိုဘုရား – ပဋ္ဌာန်းအလင်းရောင်ဆရာတော်

ရာဇသြင်္ကန်အထုပ္ပတ္တိ – သတင်းစာဦးသိမ်းမောင်

သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်

မြန်မာ့စွယ်စုံကျမ်း

Credit : Thutazone