Knowledge and News

ဆာမူရိုင်း ဓားများအကြောင်း

History, Knowledge

ဆာမူရိုင်းလို့ဆိုလိုက်တာနဲ့ ဂျပန်နိုင်ငံကိုပြေးမြင်မိကြမှာ အမှန်ပါပဲ။ ဆာမူရိုင်းတွေဟာ ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတရုပ်ပုံတစ်ခုအဖြစ် ရှိခဲ့ပြီး ယနေ့အထိ သူတို့ရဲ့ လွှမ်းမိုးမှုကိုဂျပန်နိုင်ငံ နေရာအနှံ့မှာမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ ဆာမူရိုင်းနဲ့ ပတ်သက်လို့ကျမတို့မြင်တွေ့ ခဲ့ဖူးတာတွေက ရုပ်ရှင်တွေထဲမှာပဲဖြစ်ပြီး ရုပ်ရှင်တွေကနေ သိလိုက်ရတာကဆာမူရိုင်းတွေဟာသစ္စာတရားကိုစောင့်ရှောက်ကြတယ်။

စည်းကမ်းရှိကြတယ်။ ယုံကြည်ချက်ပြင်းထန်ပြီး အာရုံစူးစိုက်မှုမှာလည်း တကယ့်ကို ဆရာကျတဲ့ လူတွေ ဆိုတာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ရုပ်ရှင်တွေထဲ မြင်တွေ့ဖူးတဲ့ဆာမူရိုင်းတွေလိုပါပဲ … တကယ့်အပြင်က ဆာမူရိုင်းတွေဟာလည်း သစ္စာရှိတဲ့ မြင့်မြတ်တဲ့ စစ်သည်တော်တွေဖြစ်ပြီး ၁၂ ရာစုလောက်မှာစတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ဘူရှီဒိုလမ်းစဉ်ဆိုတာ ဘာလဲ

သူတို့တွေဟာ တိုက်ခိုက်ခြင်း အတတ်ပညာကိုစနစ်တကျ သင်ကြားထားတဲ့ စစ်သည်တော်တွေဖြစ်ပြီး ခန္ဓာကိုယ်တင်သာမက၊ စိတ်ကိုပါ သင်ကြားထားခဲ့တဲ့ စစ်သည်တွေလည်းဖြစ်ကြပါတယ်။ဆာမူရိုင်းတွေဟာ Bushido (ဘူရှီဒို) လမ်းစဉ်လို့ ခေါ်တဲ့ ကျင့်ဝတ်တွေအပေါ်မှာ တည်ဆောက်ထားကြပါတယ်။ အဆိုပါဘူရှီဒိုကျင့်ဝတ် ၈ ခုကတော့ တရားမျှတခြင်း-သတ္တိ-ကရုဏာတရား-လေးစားမှု-တည်ကြည်ခိုင်မြဲမှု-ဂုဏ်သိက္ခာ-သစ္စာစောင့်သိမှု-မိမိကိုယ်ကိုကိုယ်ထိန်းသိမ်းမှုတွေပဲဖြစ်ပါတယ်။

သခင့်အပေါ် သစ္စာစောင့်သိခြင်း

ဆာမူရိုင်းတစ်ယောက်ရဲ့ ပထမဆုံးကျင့်ဝတ်ကတော့ သူ့ရဲ့ သခင်ဖြစ်တဲ့လူအပေါ်မှာ သစ္စာစောင့်သိဖို့ပဲဖြစ်ပါတယ်။ ဒါဟာလခ ရသည် ဖြစ်စေ၊လခမရသည်ဖြစ်စေ သူ့ရဲ့သခင်အပေါ်မှာခိုင်မြဲတဲ့သစ္စာတရားနဲ့ အမြဲရပ်တည်နေလေ့ရှိကြပါတယ်။ ဒါကြောင့်ဆာမူရိုင်းတစ် ယောက်ရဲ့ သခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စရပ်မျိုး ၊ အာဏာလက်လွှတ်လိုက်ရတဲ့ ကိစ္စမျိုး နဲ့ ဆာမူရိုင်းတစ်ယောက်ကို စွန့်ပစ်လိုက်တဲ့ ကိစ္စမျိုးတွေဖြစ်လာပြီဆိုရင် ဆာမူရိုင်းတွေဒုက္ခရောက်လေ့ရှိကြတာပါ။

သခင်တစ်ယောက်ထံမှာ သစ္စာခံထားတဲ့ ဆာမူရိုင်းတစ်ယောက်ဟာ နောက်ထပ် သခင်တစ်ယောက်ဆီကိုလည်း သွားပြီး သစ္စာခံလေ့လည်း မရှိတာကြောင့်မို့လို့သူတို့ဟာသခင်မဲ့ဆာမူရိုင်းတွေဖြစ်လာပါတော့တယ်။ သူတို့ရဲ့ စားဝတ်နေရေးဟာလည်း အဆင်မပြေမှုတွေဖြစ်လာ တာကြောင့်ကြုံရာအလုပ်တွေလုပ်ပြီးနေထိုင်လာရပါတော့တယ်။ ဒါနဲ့သူတို့ဟာတဖြေးဖြေးနဲ့လမ်းပေါ်လျှောက်သွားနေတဲ့လေလွင့် ဆာမူရိုင်း တွေဖြစ်လာပါတော့တယ်။ ဒီလိုမျိုး သခင်မရှိတော့တဲ့ ဆာမူရိုင်းကိုရိုနင် (ronin) လို့ ခေါ်ပါတယ်။

ဆာမူရိုင်း နဲ့ နင်ဂျာ ဘာကွာခြားသလဲ

ဆာမူရိုင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ရာမှာလည်း အလွန်ကို သစ္စာရှိကြတဲ့ စစ်သည်တော်တွေဖြစ်ကြပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်ရာမှာ မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်းမျိုးကိုသာ ပြုလုပ်လေ့ရှိကြပြီး နောက်ကျောကနေ တိုက်ခိုက်တာမျိုးတွေကို လုံးဝပြုလုပ်လေ့မရှိကြပါဘူး။

ဒီအချက်ဟာ ဆာမူရိုင်းတွေနဲ့ နင်ဂျာ(Ninja) တွေရဲ့အဓိကကွာခြားချက်ပဲ ဖြစ်ပါတယ်။ နင်ဂျာတွေကတော့ ရန်သူကို တိုက်ခိုက်ရာမှာ ကြုံရင် ကြုံသလို၊ အခွင့်ရရင် ရသလို တိုက်ခိုက်လေ့ရှိပြီး ချောင်းမြောင်းပြီး လုပ်ကြံတာမျိုးတွေလည်း လုပ်တတ်ကြပါတယ်။ ဆာမူရိုင်းတွေကတော့ နင်ဂျာတွေလို လုပ်လေ့မရှိပါဘူး။

ဟာရီကီရိ လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း

တစ်ဖက်လူက လက်နက်ချ အရှုံးပေးလိုက်ချိန်မှာလည်း သူ့ကို သတ်ဖြတ်တာမျိုးကို ဆာမူရိုင်း မပြုလုပ်ကြပါဘူး။ ဆာမူရိုင်းတွေဟာ သစ္စာတရားကို အသက်လို စောင့်ထိန်းရုံသာမကဘဲ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အရှက်ကို အသက်နဲ့ရင်းပြီး စောင့်ရှောက်တတ်ကြသူပါ။ သူတို့ဟာ စစ်ပွဲတစ်ပွဲမှာ ရှုံးနိမ့်သည်ဖြစ်စေ၊ သူတို့ အမှားကြောင့် ကိစ္စရပ်တစ်ခုခု ပျက်စီးသွားသည်ဖြစ်စေ ဆာမူရိုင်းတွေဟာ သူတို့ကိုယ်သူတို့ ဝမ်းဗိုက်ထဲကို ဓားနဲ့ထိုးကာ အဆုံးစီရင်လေ့ရှိကြပါတယ်။

ဒီလို မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ ကိစ္စကို hara-kiri (ဟာရာကီရိ)လို့ ခေါ်ဆိုပါတယ်။ ဟာရာကီရီပြုလုပ်တာဟာ ဂုဏ်သိက္ခာရှိစွာ ကိုယ်ကိုယ့်ကိုယ် အဆုံးစီရင်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ဟာရာကီရီ လုပ်နေချိန်မှာလည်း ဓားကို ထိုးချင်သလို ထိုးလို့မရပါဘူး။ ဟာရာကီရိလုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ ပုံစံတွေရှိပါတယ်။ ယေဘုယျဆိုရရင် ဟာရာကီရီဟာ ကြက်ခြေခတ်ပုံစံရှိပါတယ်။

ဆာမူရိုင်းတစ်ယောက်ဟာ ဟာရာကီရီလုပ်နေချိန်မှာ သူ့အနားမှာ လူတစ်ယောက် အမြဲရှိပါတယ်။ အဲဒီလူဟာ ဟာရာကီရိလုပ်နေသူကို အထမြောက်သွားအောင် ပြုလုပ်ပေးမယ့် သူပဲဖြစ်ပါတယ်။သူဟာ ဟာရာကီရီလုပ်နေတဲ့ ဆာမူရိုင်းကို ဂရုစိုက်ကြည့်နေရပါတယ်။ နောက်ဆုံးဓားချက်ကို ဝမ်းဗိုက်ထဲကို ထည့်ပြီး မွှေပြီးသွားချိန်မှာတော့ နံဘေးနား ရပ်နေသူဟာ သူ့ရဲ့ လည်တိုင်ကို ဓားနဲ့ ခုတ်လိုက်ပါတော့တယ်။ ဒါဟာ ဝေဒနာခံစားရချိန် နည်းပါးအောင် ကူညီပေးတာဖြစ်ပြီး Kaishaku (ကိုင်ရှာခု) လို့ ခေါ်ပါတယ်။

ဆာမူရိုင်းတို့ရဲ့ နေဝင်ချိန်

ဂျပန်နိုင်ငံမှာ ဆာမူရိုင်းတို့ရဲ့ ကောင်းစားချိန်ဟာ စက်မှုလက်မှုမဖွံ့ဖြိုးသေးတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဆာမူရိုင်းတွေဟာ မြင့်မြတ်တဲ့ စစ်သည်တော်တွေ၊ သစ္စာစောင့်သိတဲ့ စစ်သည်တော်တွေဆိုပေမယ့်လို့ သူတို့ရဲ့ အဆုံးသတ်နေဝင်ချိန်ဆိုတာလည်း ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ မေဂျီခေတ်[Emperor Meiji] ဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးအပြောင်းအလဲအချိန်ပဲဖြစ်ပါတယ်။

အစက တံခါးပိတ်နိုင်ငံတစ်ခုဖြစ်ခဲ့ရာကနေ မေဂျီခေတ်လက်ထက်မှာ နိုင်ငံတကာနဲ့ ကုန်သွယ်ကူးလူးဆက်ဆံမှုတွေရှိလာခဲ့ပါတယ်။ အမေရိကန်၊ အင်္ဂလန်အပါအဝင်တခြားဥရောပနိုင်ငံတွေဆီက ကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချမှုတွေ စတင်လာခဲ့ပါတယ်။

အစားအစားတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းတွေ၊ ကင်မရာတွေနဲ့ အခြားအရာတွေ သယ်ဆောင်လာခဲ့တဲ့ သင်္ဘောတွေဟာ ဂျပန်နိုင်ငံဆိပ်ကမ်းကို အလျှိုလျှိရောက်ရှိလာကြပါတော့တယ်။ အဲဒီအချိန်မှာ ဂျပန်နိုင်ငံကတော့ ပဒေသရာဇာ စနစ်အားကောင်းဆဲအချိန်ဖြစ်ပြီး ဂျပန်တွေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန်နောက်ကျခဲ့ပြီဆိုတာ သိလိုက်ရပါတော့တယ်။

အဲဒီအချိန်က စပြီး ဂျပန်နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုမျိုးစုံကို ပြုလုပ်ခဲ့ပြီး ထိုအရာတွေထဲမှာ ဂျပန်နိုင်ငံရဲ့ စစ်တပ်နဲ့ ဆာမူရိုင်းတို့လည်း ပါဝင်လာပါတော့တယ်။ နှစ်ပေါင်းများစွာ တည်တံ့လာခဲ့တဲ့ ဆာမူရိုင်းစနစ်ကြီးကို အဲ့ဒီ မေဂျီခေတ်မှာပဲ ဖျက်သိမ်းလိုက်ပါတော့တယ်။ အရင်က ဆာမူရိုင်းဖြစ်မှသာ စစ်တာဝန်ကို ထမ်းဆောင်ရမည်ဆိုတဲ့ အမိန့်တွေအစား ဘယ်သူမဆို စစ်တာဝန်ကို ထမ်းဆောင်လို့ရတယ်ဆိုတဲ့ အမိန့်တွေ ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးကို စစ်မှုထမ်းဥပဒေတွေ ထုတ်ပြီး စစ်ရေးပြင်ဆင်မှုများကို စတင်ပြုလုပ်လာခဲ့ပါတယ်။ တာဝန်မရှိတော့တဲ့ ဆာမူရိုင်းတွေဟာလည်း နိုင်ငံရဲ့ စစ်တပ်မှာ အရေးပါတဲ့ ရာထူးတွေကို ယူခဲ့ပြီး တိုင်းပြည်ရဲ့ ပြောင်းလဲမှုမှာ လိုက်ပါခဲ့ကြပြီး တချို့ကတော့ အပြင်ဘက်မှာ ထွက်အလုပ်လုပ်ကြရင်းက အောင်မြင်တဲ့စီးပွားရေးသမားတွေ ဖြစ်လာကြပါတော့တယ်။

အခုအချိန်မှာတော့ ဆာမူရိုင်းတွေဟာ ကမ္ဘာမှမရှိတော့ပေမယ့် ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတအဖြစ်ကျန်ရှိနေခဲ့တုန်းပါပဲ။ ဆာမူရိုင်းတွေရဲ့ ဆွေမျိုးတွေဟာလည်း သူတို့ရဲ့ အဘတွေ၊ အဘိုး၊ အဘေးတွေဖြစ်ခဲ့တဲ့ ဆာမူရိုင်းကြီးတွေကို ဂုဏ်ယူပြီး သူတို့ရဲ့ ဓားတွေ၊ ချပ်ဝပ်ဆန်ဆာတွေကို ဧည့်ခန်မှာ တစ်ခမ်းတစ်နားပြသထားကြပါတယ်။ တချို့တွေကတော့ မျိုးရိုးထဲက ဆာမူရိုင်းကြီးတွေရဲ့ နာမည်တွေကို မျိုးရိုးစဉ်ဆက်မပြတ်လက်ခံထားကြပါတယ်။

ဆာမူရိုင်းတွေ ကိုင်တဲ့ ဓားများ

ဆာမူရိုင်းတွေအကြောင်း ပြောပြီးသွားတဲ့အခါမှာတော့ ဆာမူရိုင်းတွေကိုင်တဲ့ ဓားတွေအကြောင်းပြောပြပါရစေ။ ဆာမူရိုင်းတစ်ယောက်အတွက် သူ့ရဲ့ ဓားဟာ သူ့ရဲ့ဘာသာတရားတစ်ခုလိုပါပဲ။ ဆာမူရိုင်းရဲ့ သင်္ကေတကတော့ သူ့ရဲ့ ဓားလို့တောင် ပြောလို့ရပါတယ်။

သူတို့ဟာ ဓားကို သာမန် ခုန်နိုင် ပိုင်းနိုင် ဖြတ်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတစ်ခုလို မမြင်ကြပါဘူး။ ချွန်မြအောင် ပြုလုပ်ထားတဲ့ ဓားနဲ့ သူတို့ကြားမှာ စိတ်ဝိညာဉ်ဆက်သွယ်ချက်တွေ၊ မမြင်ရတဲ့ ရင်းနှီးဆက်ဆံမှုတွေ၊ နတ်ကောင်းနတ်မြက်တွေ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

ဆာမူရိုင်းတစ်ယောက်ကို မြင်လိုက်တာနဲ့ သူနဲ့ အတူပါလာတဲ့ ဓားနှစ်လက်ကိုပါ အမြဲမြင်တွေ့ရမှာပါ။ ဆာမူရိုင်းတွေကိုင်တဲ့ ဓားတွေဟာ ကွေးကောက်တဲ့ ပုံစံရှိပြီး တခြားဓားတွေနဲ့ ကွဲပြားခြားနားပါတယ်။ ဓားအရှည်နဲ့ ဓားအတိုတွေဟာ သူတို့ရဲ့ ဆောင်နေကျ လက်နက်တစ်စုံပါ။

ဓားတိုကိုတော့ wakizashi (ဝါကာဆာရှီ) လို့ ခေါ်ပြီး ဓားရှည်ကိုတော့ Katana (ကတ်တန်းန်နား)လို့ ခေါ်ပါတယ်။ ဓားတိုနဲ့ ဓားရှည်ထဲမှာတော့ ဓားရှည်ဖြစ်တဲ့ Katana (ကတ်တန်းန်နား)ဟာ လူသိများတဲ့ ဓားအမျိုးအစားတစ်ခုဖြစ်ပြီး ဆာမူရိုင်းဓားလို့ လွယ်လွယ်ခေါ်ကြပါတယ်။

ကတ်တန်းနား ဓားဘယ်လိုဖြစ်လာရသလဲ (samurai swordsmith) (making of samurai sword katana) (Making samurai Sword Was A Religious Ceremony) ရှေးခေတ်က Katana (ကတ်တန်းန်နား)ဓားကိုတွေကို ပြုလုပ်ရာမှာလည်း ယနေ့ခေတ်က ဓားတွေကို လုပ်သလိုမျိုး လွယ်လွယ်ကူကူ ပြုလုပ်လို့မရပါဘူး။ ဒါ့အပြင် ဓားတစ်လက်ကို ဖန်တီးရခြင်းဟာ သူတို့အတွက် ဘာသာရေးအခမ်းအနားတစ်ခုလို ဖြစ်ခဲ့ပါတယ်။

ထိုခေတ်ထိုအခါက ဓားပြုလုပ်တဲ့သူတွေဟာ တခြားလက်မှုပညာရှင်တွေထက် လေးစားမှုကို ပိုရရှိခဲ့ပါတယ်။ ရှေးက မှတ်တမ်းမှတ်ရာတွေ အရ ဓားတွေကို ဖန်တီးတော့မယ်၊ ပြုလုပ်တော့မယ်ဆိုရင် ဘာသာရေးအခမ်းအနားတွေ၊ ပွဲတွေနဲ့ ကျင်းပခဲ့ပြီးမှ ပြုလုပ်ခဲ့တာပါ။ ဓားကို ပန်းပဲဖိုထဲကို မထည့်သွင်းခင်မှာ ပန်းပဲဆရာဟာ သီလဆောက်တည်မှုတွေ အရင်ဆုံး ပြုလုပ်ရပါတယ်။

အဆိုပါ သီလဆောက်တည်မှုတွေကတော့ သတ်မှတ်ထားတဲ့ အစားအစာစားသုံးခြင်း၊ လိင်ဆက်ဆံခြင်း အစရှိတာတွေကို ရှောင်ရှားရပါတယ်။ ဓားကို ပြုလုပ်နေတဲ့ နေ့တိုင်း နေ့တိုင်းမှာလည်း ပန်းဘဲဆရာဟာ ရေတံခွန်အောက်မှာ သွားရပ်နေရပြီး ဘုရားစာတွေကို ရွတ်ဆိုနေရပါတယ်။

အမျိုးသမီးများကိုတော့ ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ဘုရားပေါ် တက်ခွင့်မပေးသလိုပဲ ဆာမူရိုင်းမှာလည်း ဓားလုပ်တဲ့ နေရာအနားကို လာခြင်း တားမြစ်ထားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာလာချိန်နဲ့ တိုက်ဆိုင်နေရင် ဓားတွေဟာ မသန့်စင်မှာ စိုးလို့ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပဲဖြစ်ပါတယ်။

ဓားထက် မထက် ဘယ်လို စစ်ဆေးသလဲ

ဒီလိုအဆင့်ဆင့် ဖြတ်သန်းလာခဲ့ရတဲ့ ဓားတစ်လက်ရပြီဆိုလည်း သူ့ကို ဘယ်လောက်ထက်,မထက် စမ်းသပ်ဖို့ လိုလာခဲ့ပါတယ်။ ဆာမူရိုင်းတွေဟာ သူတို့ကိုင်တဲ့ ဓားကို စမ်းဖို့အတွက် အသုံးပြုခဲ့တဲ့အရာတွေကတော့ လူသေကောင်တွေရဲ့ ခန္ဓာကိုယ်တွေနဲ့ သေဒဏ်ကျခံနေရတဲ့ ရာဇဝတ်သားတွေပဲဖြစ်ပါတယ်။

အီဒိုခေတ်မှာတော့ အစိုးရကိုယ်တိုင်ကနေ တရားဝင်ဓားစမ်းသပ်ရေးဌာနဆိုပြီး ဖွင့်လှစ်ထားပေးပြီး ပန်းဘဲဖိုတွေကနေ ထွက်လာတဲ့ ဓားတွေကို အစိုးရက တရားဝင်စစ်ပေးလေ့ရှိပါတယ်။ သူတို့ရဲ့ စစ်နည်းကတော့ လူဘယ်နှစ်ယောက်ကို ခုတ်နိုင်တယ်။ လူ ၃ ယောက်လောက်ကို ပိုင်းဖြတ်နိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ စစ်ဆေးတာပါ။ ဓားကို စစ်ရာမှာလည်း ဓားသွားတင်မကဘဲ ဓားရဲ့ အနှောင့်တွေ၊ တည်ဆောက်ပုံတည်ဆောက်နည်း၊ လက်ကိုင် စသဖြင့် နေရာလွတ်မကျန်အောင်ကို စစ်ပါတယ်။

စစ်ဆေးမှုတွေ အကုန်လုံးအောင်မြင်တယ်။ ဖြတ်ရာခုတ်ရာမှာလည်း အကုန်ပြတ်တယ်ဆိုရင်တော့ ဒီဓားဟာ အောင်မြင်တဲ့Katana (ကတ်တန်းန်နား)ဓားတစ်လက်ဖြစ်သွားပါပြီ။ စစ်ချက်တွေ အကုန်အောင်နေတယ်၊ ဓားသွားကို စမ်းသပ်ရာမှာလည်း လူအယောက်ရေများများကို ခုတ်ထားနိုင်ခဲ့တယ်ဆိုရင်တော့ အဲဒီ ဓားရဲ့ တန်ဖိုးဟာလည်း လိုက်မြင့်သွားပြီး ဓားဆရာရဲ့ နာမည်ကလည်း ပိုကြီးလာခဲ့ပါတယ်။

တကယ်လို့သာ ဓားက စစ်ဆေးချက်တွေမှာ မအောင်မြင်ဘူးဆိုရင်တော့ ပြောထားတာဟာတွေနဲ့ ပြောင်းပြန်ဖြစ်သွားမှာပါ။ ဒီလို ဓားတွေကို စမ်းသပ်ဖို့ ရာဇဝတ်သားတွေကို ရွေးချယ်တဲ့ နေရာမှာလည်း ရာဇဝတ်သားတွေဟာ သူတို့ကို စမ်းသပ်မယ့် ဓားနဲ့ သတ်မယ်ဆိုတာကို သိကြပါတယ်။ ဒါကြောင့် တချို့ရာဇဝတ်သားတွေဟာ ဓားကို ထိခိုက်အောင်ဆိုပြီး ကျောက်တုံးတွေ၊ ကျောက်ခဲတွေကို မြိုချထားခဲ့ကြပါသေးတယ်။

ယနေ့အချိန် ဆာမူရိုင်းဓါးလုပ်ငန်း

ဒီလို နာမည်ကျော်ဆာမူရိုင်းဓားကို ကမ္ဘာပေါ်က ဓါးစိတ်ဝင်စားသူတိုင်းလိုချင်တဲ့ အရာတစ်ခုဖြစ်ပေမယ့် ဂျပန်နိုင်ငံတွင်း ဓားလုပ်ငန်းက ထင်သလောက် အဆင်မပြေလှပါ။ အစိုးရက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေချထားခဲ့ပြီး လိုင်စင်ရ ပန်းဘဲဖိုတွေကမှသာ ဂျပန်ဓားကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

တကယ်တော့ အဲဒီ လက်မှတ်ရ ပန်းဘဲလုပ်ငန်းတွေဟာ ချက်ချင်းဂျပန်ဓားထုတ်ဖို့ အတတ်ပညာမရှိကြသေးပါဘူး။ အချိန်ငါးနှစ်လောက်က အလုပ်သင်အဖြစ် လုပ်နေရဦးမှာဖြစ်ပြီး နာမည်ကောင်းရလာဖို့အတွက်လည်း နောက်ထပ်အချိန်တွေ ရင်းရဦးမှာပဲဖြစ်ပါတယ်။

အစိုးရက ဒီလို တားမြစ်ပိတ်ပင်ထားပေမယ့်လည်း ဓါးချစ်သူတွေက အဖွဲ့တွေဖွဲ့ပြီး ဓါးလုပ်ပြိုင်ပွဲတွေကျင်းပကျပါတယ်။ ဒီပြိုင်ပွဲတွေကိုပဲ တစ်နိုင်ငံလုံးက လာရောက်ယှဉ်ပြိုင်ကျပြီး ဒီတစ်ခုပဲ သူတို့အတွက် မျှော်လင့်ချက်ကို ဖြစ်စေတာပါ။ သူတို့ရဲ့ လက်ရာတွေကို ဒီလိုပွဲတွေထဲမှာ လာရောက်ပြသလေ့လည်း ရှိပါတယ်။

ထိပ်ဆုံးစာရင်း ၃၀ ထဲဝင်တဲ့ လူတွေကတော့ နာမည်ကောင်းတွေ ရကြပြီး ဓါးနဲ့ ပတ်သက်ရင် အများပြည်သူက ယုံကြည်မှုကိုပါ ရရှိစေခဲ့တာပါ။ ဓါးလုပ်တဲ့လူတွေက ပေါပေမယ့် လိုင်စင်နဲ့ ထိန်းချုပ်ထားတာကြောင့် ဂျပန်ဆာမူရိုင်းဓားတွေက ဈေးကွက်ထဲမှာ အရေအတွက်နည်းပါးနေပြီး ဈေးကလည်း အင်မတန်ကောင်းနေခဲ့ပါတယ်။