Made in Japan ဆိုပြီး နာမည်ကြီးရတဲ့အကြောင်းရင်း
၁၉၈၀ ခုနှစ်ကျော် တဝိုက်လောက်မှာ ကနေဒါ IBM Canada Limited က လိုအပ်တဲ့ အစိတ်အပိုင်းတစ်ချို့ကို မှာယူဖို့ ဂျပန် Supplier ကုမ္ပဏီအသစ်တစ်ခုနဲ့ စာချုပ်ချုပ်ပါတယ်။ စာချုပ်မှာ ဂျပန်ကုမ္ပဏီက ထုတ်လုပ်ပေးသွင်းတဲ့ပစ္စည်းရဲ့ ချို့ယွင်းချက် Defect ကို IBM က 1.5 % ထိ လက်ခံမယ်လို့ သဘောတူချုပ်ဆိုခဲ့ပါတယ်။ ကိုရွှေဂျပန်များက ကောင်းကောင်းနားမလည်ပေမယ့်လည်း အူကြောင်ကြောင်နဲ့ ပြန်သွားခဲ့ပါတယ်။
ပစ္စည်းတွေထုတ်လုပ်ပြီး ပို့လာတဲ့အခါမှာ မှာတဲ့ပစ္စည်းတွေအပြင် 1.5% ကို ပလတ်စတစ်အိတ်နဲ့ သပ်သပ်ထုပ်ပြီး ကနေဒါကို ပို့ပေးလိုက်ပါတယ်။ နောက်ပြီး စာတစ်ကြောင်းရေးသားပေးလိုက် ရှာပါတယ်။ အဲဒီစာကတော့ –
” We don’t know why you want 1.5 percent defect parts, but for your convenience we have packaged them separately.”
(ဘာကြောင့် ချို့ယွင်းချက်အတွက် ပစ္စည်းစုစုပေါင်းရဲ့ ၁.၅%ကို မင်းတို့လိုအပ်သလဲဆိုတာ ငါတို့မသိဘူး ၊ ဒါပေမယ့် မင်းတို့အဆင်ပြေအောင်လို့ အဲဒီအတွက် သက်သက်ထုပ်ပေးလိုက်တယ်)
အဲဒီ သပ်သပ်ထုပ်ပေးလိုက်တဲ့ 1.5% ကလည်း အပျက်တွေမဟုတ်ဘူး။ ပစ္စည်းအကောင်းတွေချည်းပါပဲ။
ဂျပန်တွေအနေနဲ့ ၁၉၈၀-၉၀ လောက်ကတည်းက Total Quality Management (TQM) ကို ကောင်းမွန်စွာ နိုင်နင်းသွားခဲ့ကြပြီဖြစ်ကြောင်း တကယ့်ဖြစ်ရပ်တစ်ခုပါ။ ချို့ယွင်းချက် Defect ဆိုတာကို ဂျပန်တွေ နားမလည်ကြတော့ပါဘူး။ စင်းလုံးချော 100% အရည်အသွေးပြည့်မီမှုသာလျှင် အရိုးစွဲသွားကြပါပြီ။
ဂျပန်တွေအနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ တစ်နိုင်ငံလုံး ပြာပုံဘဝရောက်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ ဂျပန်များဟာ စစ်ကို လုံးဝမေ့ထားလိုက်ပြီး စီးပွားရေး၊ ကုန်ထုတ်လုပ်ရေးဖက်ကိုသာ အာရုံစူးစိုက်လိုက်ကြပါတယ်။ စစ်လက်နက်ထုတ်တဲ့ ကုမ္ပဏီတွေကလည်း လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးကိုပဲ လုပ်ကြပါတော့တယ်။
တကယ်တော့ အစပိုင်းမှာ ဂျပန်ထုတ်ကုန်ပစ္စည်းများဟာ အတုအပပစ္စည်းတွေ၊ ဈေးပေါပြီး အသုံးလည်းမခံဘူးလို့ နာမည်ပျက်ခဲ့ပါသေးတယ်။ ၁၉၄၀ ကျော် ၅၀ လောက်မှာတော့ ကမ္ဘာမှာ Quality Control ကို စတင်တီထွင်ခဲ့တဲ့ အမေရိကန်က Deming, Juran စတဲ့ဂုရုကြီးတွေကို ဂျပန်ဖိတ်ခေါ်ပြီး Quality အကြောင်း သင်တန်းပေးစေခဲ့ပါတယ်။ Deming က ဂျပန်များကို သင်တန်းပေးပြီးတာနဲ့ ဂျပန်ဟာ နောက် ၅နှစ်အတွင်း Quality Control အဆင့်မြင့်နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်တော့မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
သူဟောကိန်းထုတ်ခဲ့တဲ့အတိုင်း ဂျပန်ဟာ အဲဒီအချိန်ကစလို့ ကမ္ဘာမှာ ထိပ်တန်းအဆင့်အမြင့်ဆုံး ကုန်ပစ္စည်းများကို ဆက်တိုက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၀-၉၀ လောက်မှာတော့ TQM ကို တဆင့်တက်လို့ အချမ်းသာဆုံးနိုင်ငံဘဝကိုရောက်ရှိသွားခဲ့ပါတော့တယ်။ ဂျပန်နိုင်ငံဟာ အချမ်းသာဆုံးနိုင်ငံဖြစ်ရခြင်းအကြောင်းရင်းမှာ TQM ကအဓိကပါပဲ။
TQM မှာ ဝန်ထမ်း၊ လုပ်သားများ အယောက်စီတိုင်းရဲ့ အာရုံစူးစိုက်မှု၊ စိတ်ပါဝင်စားမှု၊ လုံ့လဝီရိယ၊ စည်းစနစ်ကျနမှု၊ ညီညွတ်မှု၊ အသင်းစိတ်ဓာတ်ရှိမှု၊ Customer ကိုအလေးထားမှု၊ ကိုယ့်အဖွဲ့အစည်းကို အစဉ် တိုးတက်မြှင့်တင်ချင်တဲ့စိတ်ဓာတ်ရှိမှု၊ လုပ်ငန်းနည်းစနစ်ခေတ်မှီမှု တို့ဟာ အရေးကြီးဆုံးအချက်တွေမို့ ဂျပန်တွေမှာ ဒီစိတ်ဓာတ်၊ အမူအကျင့်တွေရှိပြီးသား ဆိုတာ ပြောစရာတောင် လိုမယ်မထင်တော့ပါဘူး။
မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံထက် သယံဇာတ မယှဉ်နိုင်အောင်သာလွန်ပါတယ်။ စိတ်ဓာတ်၊ ခံယူချက်၊ လုံ့လဝီရိယ၊ ညီညွတ်မှုတို့ကိုသာ အတုယူရမှာပါ။ စနစ်ဆိုးကြောင့် ဆင်းရဲတွင်း ပြာပုံအောက်က တိုးထွက်စ မြန်မာနိုင်ငံအတွက် အတုယူစရာ TQM နဲ့ပတ်သက်တဲ့ တစွန်းတစပါ။
Credit: Dr.Kyaw Hlaing Win