မြန်မာ့သမိုင်းထဲက အသက် ၁၃ နှစ်သား အရွယ်ကပင် အစွမ်းပြခဲ့သူ
ဘုရင့်နောင်မင်းကြီးတည်ထောင်ခဲ့သော တောင်ငူဧကရာဇ်နိုင်ငံတော်ကြီး ပျက်သုဉ်းပြီးနောက် အစုစုကွဲသွားသော နိုင်ငံတော်ကြီးကို သားတော် ညောင်ရမ်းမင်း ရှင်သစ္စာက ပြန်လည် စုစည်းရန် ကြိုးစားခဲ့သည်။သို့သော် ညောင်ရမ်းမင်းသည် အလိုတော်မပြည့်မီ နတ်ရွာစံခဲ့သ ဖြင့် သူ၏ တာဝန်များကို သားတော်မဟာဓမ္မရာဇာက ဆက်လက်ခံယူကာ အင်းဝကို ဗဟိုပြု၍ မြေပြန့်လွင်ပြင် အညာတစ်ခွင်ကို ဆက် လက်စည်းရုံးခဲ့သည်။အင်းဝဘုရင်သစ်မဟာဓမ္မရာဇာ (အ နောက်ဘက်လွန်မင်းတရား)သည် အေဒီ ၁၆၀၈ တွင် ပြည်မြို့ကို တိုက်ခိုက်ရာ မြို့ပေါက်သော် လည်း ပြည်ဘုရင်ရန်နိုင်စားသည် အညံ့မခံသေးဘဲ ရာဇပလ္လင် ထက်မှနေ၍ ခုခံလေ၏။မကြာမီ အားမတန်၍ ပြည်ဘုရင်၏ မှူးမတ် ၊ ရဲမက်အများ လက်နက်ချ၍ အညံ့ခံကြသည်။ထိုအခါ ဘယ ဂါမဏိ၏တူ ပြည်ဘုရင်၏ ကျွန် အသက် ၁၃ နှစ်သာရှိသေးသော ငထင် ဟူသည့် သူငယ်သည်ကား ကျေးဇူးသစ္စာသိစွာဖြင့်“သေရလျှင် ငါ့အရှင်ရာဇပလ္လင်ရင်းတွင် သေပေစေတော့ ၊ ငါ့အရှင်ကို ငါသေမှသာ ထိပါးရမည်” ဟူ၍ အင်းဝရဲမက်တို့ကို ဓားတစ်ဖက်တစ်စင်းနှင့် ဆက် လက် ခုခံနေလေသည်။ထိုသို့ ခုခံနေရင်း ဦးရီးတော် ဘယဂါမဏိက “ဟယ် ငထင် ၊ လူပျိုလူ ရွယ် ပီလှပေသည်။ သို့ရာတွင် မြို့ပျက်၍ တစ်မြို့လုံး သူ့လက်တွင်း ရောက်နေလေပြီ ၊ နင် တစ်ယောက် တည်း ခုခံ၍ ဖြစ်နိုင်မည်လော ၊ လက်နက်ချ၍ အညံ့ခံပေတော့” ဟု အော်ဟစ်၍ ဆိုမှ “သူ့ဆန်စား၍ ရဲရတော့သည်” ဟု ဆိုကာ လက်နက် ချလေသည်။
(“သူ့ဆန်စား ရဲမှ” ဆိုသော စကားပုံသည် ဤကစ၍ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်)ဤသို့ဖြင့် ပြည်မြို့ကို ရပြီးနောက် မင်းနှင့်တကွ အလိုရှိသူတို့ကို အင်းဝသို့ ယူဆောင်လေသည်တွင် ငထင်လည်း ပါလာလေသည်။မိမိ၏ အရှင် အပါးတွင်ပင် အသက်ပေး၍ ခစားခဲ့ဖူးသဖြင့် မဟာဓမ္မရာဇာမင်းက လူကောင်းလူမွန်ဟု ယုံကြည်တော်မူကာ အပါးတော်တွင်ခေါ်၍ ဆက်လက် ချီးမြှောက်ထားလေသည်။အင်းဝနေပြည်တော်သို့ပြန်ရောက်လျှင် မဟာဓမ္မရာဇာမင်းက “ငါသည် ပြည်မြို့ကို သိမ်းရာတွင် ရှင်တစ်ဆူ ၊ လူတစ်ယောက်သာ ရတော်မူသည်” ဟု မိန့်တော်မူသည်။ ရှင်တစ်ဆူကား “တိပိဋကလင်္ကာရ တောင်ဖီလာအကျော် ဆရာတော်” ကို ဆိုလိုပြီး လူတစ်ယောက်ကား “ငထင်”ကို ဆိုလိုခြင်းဖြစ်သည်။မဟာဓမ္မရာဇာမင်းနတ်ရွာစံပြီးနောက် ညီတော် သာလွန်မင်း လက်ထက်သို့ ရောက်သော် ၎င်းငထင်သည် ရာထူးအ ဆင့်ဆင့်ဖြင့် ချီးမြှောက်ခြင်းကိုခံရပြန်သည်။ ‘နန္ဒယော်ဓာ’ ဘွဲ့ကို ပေးပြီးနောက် ဝန်ကြီးပင် ခန့်တော်မူသည်။သာလွန်မင်း နန်းတက်စက ” ငထင်မှာ ‘ မဟာတရဖျား ‘ ဘွဲ့ကို ခံစေ ” ဟု အမိန့်တော် ရှိသည်ကို ” ကျွန်တော်ထက် အမှုထမ်းသက် သာလွန်ရင့်မာသူတို့သည် ငထင်ငယ်ကို ဘွဲ့ကြီး ပေးလေသည်ဟု ဝမ်းနည်းရန် ရှိပါသည်။ ငယ်မည်နှင့်ပင် အမှုတော်ကို ထမ်းပါမည် ” ဟု မိမိကိုယ်ကို နှိမ့်ချ၍ လျှောက်လေသည်။ရွှေနန်းတော်သို့ အခစားဝင်လျှင် အိမ်က တစ်ကြိမ် ၊ နန်းမြို့တံခါးတွင် တစ်ကြိမ် ၊ နန်းတော်လှေခါးဝတွင် တစ်ကြိမ် ဤသို့ သုံးကြိမ် မိမိ၏အရှင်ကို မပြတ် ရှိခိုးလေ့ရှိသည်ဟုလည်း မှတ်တမ်းများတွင် တွေ့ရသည်။ (အရှင်သခင်ကို လွန်စွာလေးစား မြတ်နိုးသူ ဖြစ်သည်။) ထို့ပြင် အရည်အချင်းရှိသော်လည်း ရာထူးနိမ့်ပါးနေသူတို့ကို တံစိုးလက်ဆောင် ပဏ္ဏာကြေးငွေမယူဘဲ “သူကောင်းပြုတော်မူပါ”ဟု သာလွန် မင်းထံ လျှောက်တင်ပေးလေ့ရှိသည်။ ပညာရှိတို့ကို ခေါ်၍ နှီးနှောပြောဆိုပြီးလျှင် ဆုလာဘ်ကြေးငွေ အထည်အလိပ် ရက်ရက်ရောရော ပေးလေ့ရှိသည်။
ဤသို့ လေးစားဖွယ် မောင်ထင်အား ဝန်ကြီးခန့်တော်မူစဉ်က “နန္ဒယော်ဓာလည်း ပြည်မြို့ကို ရလျှင် ပြည်စားပျက်သည် တိုင်အောင် အတူမြဲသည်နှင့် နောင်တော်မင်းတရားသည် အတွင်းတွင် စေတော်မူသည်ဖြစ်၍ အကြောင်းမျိုးကို တွေ့မြင်သိမီ အဝါးဝသည်။ကျေးဇူးသစ္စာတော်စောင့် သည်။ ငါယုံမှတ်တော်မူ၍ ဝန်ကြီး ခန့်တော်မူသည်” ဟု သာလွန်မင်း၏အမိန့်တော်ပြန်တမ်းတွင် မှတ်တမ်းတင်ထားသည်။သူ့ဆန်စားရဲမှ ဟူသောခံယူချက်ဖြင့် အမှုတော်ထမ်းခဲ့သော နန္ဒယော်ဓာသည် သာလွန်မင်းကို နန်းချ၍ အာဏာသိမ်းရန် ကြံစည်သော သားတော်ရှင်တရုတ် ၏ ပုန် ကန်မှုတွင် နန်းမြို့တော်အတွင်း ပိတ်မိနေခဲ့သည်။ (သာလွန်မင်းကမူ မှူးမတ်စစ်သည်အနည်းငယ်ဖြင့် အနောက်တံခါးမှ ထွက်ပြေးလွတ်မြောက်သွားသည်။)ရှင်တရုတ်သည် နန်းမြို့အတွင်းကျန်ရစ်နေသူများကို စုရုံးသစ္စာပေးသည်။ သစ္စာမခံသူများကို ရက်စက်စွာ သတ်ဖြတ်သည်။ ဤတွင် နန္ဒယော်ဓာသည် အသက်ရှင်နေမှ သာလွန်မင်း၏အမှုတော်ထမ်းနိုင်မည့် ဖြစ်သဖြင့် ရှင်တရုတ်အား ပရိယာယ်သုံးသည်။ရှင်တရုတ်က သာလွန်မင်း၏ နောက်သို့ တပ်များ စေလွှတ်၍ လုပ်ကြံစေမည် ပြုရာ နန္ဒယော်ဓာက “လိပ် ဟူသည် အခွံနှင့် ကင်း၍ မနေသကဲ့သို့ ပြည့်ရှင်မင်းသည်လည်း နန်းတော်ကို စွန့်၍ အကြာကြီးမနေပါ။လိုက်လံမတိုက်ခိုက်သင့်ဘဲ နန်းတော်အနီး လာရောက်မှ တိုက်ခိုက်သော် အရေးတော် ပြီးလွယ်မည်” ဟုပရိယာယ်ဖြင့် လျှောက်တင်သည့်အခါ ရှင်တရုတ်သည် လွန်စွာ အားရကျေနပ်ကာ နန္ဒယော်ဓာကို ဝန်ကြီးရာထူးမှ ဝန်ချုပ်ရာထူးသို့ တိုးမြှင့်ပေးခဲ့သည်။
သို့သော် အရှင်သခင် သာလွန်မင်းကိုသာ သစ္စာစောင့်သိသူ နန္ဒယော်ဓာသည် ရှင်တရုတ်၏ အကြံအစည် စစ်ဗျူဟာများကို အဝေးရောက် သာလွန်မင်းထံ မပြတ်ပေးပို့သည်။ ဤအကြောင်းကို ရှင်တရုတ်သိလျှင် အမျက်ပြင်းစွာ ထွက်ပြီး “နန္ဒယော်ဓာကို ယခုပင် ဖမ်းချေ”ဟုဆိုကာ ရဲမက်များကို စေလွှတ်လေ၏။နန္ဒယော်ဓာလည်း ရဲမက်တို့၏ အရိပ်အခြေကို မြင်သည်နှင့် နီးရာမြင်းတစ်စီးပေါ်တက်ကာ ဇက်ကုန်ဖွင့်လျှက် ကျော်ဘုံတံခါးသို့ ထွက်ပြေးလေ၏။ နန်းမြို့ရိုးမှ ရင်တားကို မြင်းဖြင့် ခုန်ကျော်စဉ် မကျော်နိုင်သဖြင့် လှံချက်ထိကာ ဆုံးရှာလေ၏။ (အခြားမှတ်တမ်းတွင်မူ အုတ်မြို့ရိုးကို မြင်းဖြင့် ခုန်ကျော်စဉ် ရန်သူ့ကျည်သင့်၍ ဆုံးပါးရသည် ဟုဆိုသည်။)ဤအကြောင်းကို သာလွန်မင်းသိလျှင် လွန်စွာနှမြောတော်မူသည်။ များမ ကြာမီ နန္ဒယော်ဓာ လျှို့ဝှက်ပေးပို့ထားသော သတင်းအချက်အလက်များ ကို အခြေခံ၍ ပုန်ကန်သူ ရှင်တရုတ်ကို ပြန်လည်တိုက်ခိုက်အောင်မြင်တော်မူသည်။အသက် ၁၃ နှစ်သား အရွယ်ကပင် အစွမ်းပြခဲ့သူ။ အရှင်သခင်အပေါ် လွန်စွာသစ္စာကြီးမားသူ။ မိမိကိုယ်ကိုနှိမ့်ချကာ ပညာရှိသူများကို ချီးမြှောက်သူ နန္ဒယော်ဓာသည် ညောင်ရမ်းခေတ်၏ ထင်ရှားသော သူရဲကောင်းတစ်ဦး ဖြစ်ပြီး သူ၏ “သူ့ဆန်စားရဲမှ” ဟူသော စကားသည် ယနေ့တိုင်အောင် ကျေးဇူးသစ္စာစောင့်သိခြင်း၏ ပြယုဂ်အဖြစ် ဆက်လက်တည်ရှိနေပေသည်။
ကျမ်းကိုး – တွင်းသင်းရာဇဝင် (ညောင်ရမ်းဆက်) မင်းယောကျာ်းတို့၏ စကားရာဇဝင် (ဒေါက်တာမတင်ဝင်း)