မြန်မာပြည်က လ္ဘက်ရည်ဆိုင်သမိုင်း
ရှေးရှေးတုန်းက လ္ဘက်ရည်(သို့) အဆင့်ဆင့်ပြောင်းလဲလာတဲ့ မြန်မာပြည်က လ္ဘက်ရည်ဆိုင်သမိုင်း…
ရှေးနန်းတွင်းလက်ထပ်တော်ကြီးမှာတော့ “လ္ဘက်ရည်တော်” ဆိုတဲ့ ရာထူးပို့စ်တစ်ခုရှိခဲ့ကြောင်း ဖတ်မှတ်ဖူးပါတယ်ဗျာ။ သို့သော် နို့ သကြား ဘာညာမပါတဲ့ ဗမာ့လ္ဘက်ရည်အခါး၊ အဖန်၊ အကြမ်း ပဲလို့ ယူဆမိပါတယ်။ နယ်ချဲ့ရောက်လာပြီးမှ ဒီ”လ္ဘက်ရည်အချို” တွင်ကျယ်လာပုံရသဗျ။ကျုပ်တို့ငယ်ငယ်က လူကြီးတွေပြောကြတဲ့ “အချိုပန်းကန်လုံး” ဆိုတာ ကြားဖူးနားဝရှိကြပါတယ်။ ကျုပ်တို့နယ်မြို့လေးမှာ တရုတ်လ္ဘက်ရည် ၄၊ ၅ ဆိုင်၊ ကာလာဆိုင် ၁ ဆိုင် လောက်ရှိပါတယ်။ ဗမာထဲက လ္ဘက်ရည်ဆိုင်ဖွင့်တဲ့သူနည်းပါတယ်။ ကျုပ်တို့က အိမ်ဖျော် ကော်ဖီနဲ့ ကြီးလာရတော့ လ္ဘက်ရည်ဆိုင်တွေကို လှမ်းကြည့်ရင်းအသစ်အဆန်းစိတ်ဝင်စားဖွယ်ဖြစ်လာကြတာပဲဗျ။
အဲဒါ ၁၉၆၀ လောက်မှာ စီနီယာ အိမ်နီးချင်းကျောင်းသားက “မင်း မူးယူခဲ့ကွ..ဒီနေ့ တို့ လ္ဘက်ရည်ဆိုင် ထိုင်ကြမယ်တဲ့” လ္ဘက်ရည်က တစ်မတ်ဗျာ၊ တရုတ်မုန့်တစ်မတ်။ အတော်နိပ်တာကိုးဗျာ။ သဘောကျတာပေါ့။ နောက်တော့ တစ်သက်လုံး လ္ဘက်ရည်ဆိုင်နဲ့ကိုခွဲရခက်တော့တာကိုး။ရှေးက တရုတ်လ္ဘက်ရည်ဆိုင်တွေက စတိုးနဲ့တွဲထားတတ်ကြပါတယ်။ ရှပ်အင်္ကျီခေါင်းလိမ်းဆီ၊ ကော့စမစ်တစ်၊ လက်ကိုင်ပုဝါ ရှိုးကေ့စ်ထဲပြထားကြတာပါပဲ။ တရုတ်မျိုးနွယ်စုများစွာထဲမှာ (ကျုပ် သိသလောက်) ကွမ်းတုံ (လက်တို)၊ ဖူးကျင့် (လက်ရှည်)၊ ဟက်က(လက်စက) ဆိုပြီးရှိကြရာမှာ ဒီ လ္ဘက်ရည်ဆိုင်ဖွင့်သူတွေဟာ ဟက်က တွေပဲဗျ။ သူတို့က မုန့်ဖုတ်၊ လိုင်စင်စီ အရက်ဆိုင်၊ အပေါင်ဆိုင် စတဲ့လုပ်ငန်းတွေလုပ်ကြသတဲ့။ ကျုပ်တို့ ဗာစီတီ ရောက်ချိန် ရန်ကုန် ၂၃ လမ်း၊ ဒါလဟိုဇီထိပ်မှာ ဟက်ကလ္ဘက်ရည်ဆိုင်ကြီးရှိသဗျ။ တရုတ်ကုန်သည် ပွဲစားကြီးတွေကုန်ပစ္စည်းအရပ်ရပ် စျေးဖွင့်တဲ့ဆိုင်ပဲ။
ကာကာဆိုင်လို့ခေါ်ကြတဲ့ ကုလားလ္ဘက်ရည်ဆိုင်တွေလည်း ရှိခဲ့ကြပါတယ်။ သူတို့က မီးရထားဘူတာရုံတွေမှာ အပိုင်စားပဲဗျာ။ ကာကာဆိုင်ပြယုဂ်က ဆိုင်အဝင်မှာပြထားတဲ့ ဒန် ရေနွေးအိုးကြီးပဲဗျ။ မီးသွေးကို အလယ်ခေါင်က အခေါင်းထဲထည့်၊ ရေနွေးကို tap နဲ့ဖွင့်ယူရတဲ့ အိုးမျိုးပေါ့။ သူတို့က ချာပါတီ၊ ခါဂျာမုန့်၊ ဂျလေဘီ၊ စမူစာ ပေါ့လေ။ကျုပ်ငယ်ငယ်က မဂိုလမ်းအောက် ဘလောက် ၃ လွှာမှာနေရတော့ မျက်နှာချင်းဆိုင် ပလက်ဖောင်းပေါ်က ကာကာဆိုင်ကိုလှမ်းမြင်နေရပါတယ်။ ကော်ဖီ လ္ဘက်ရည်ဖျော်ရာမှာ မတ်ခွက်ကြီးနှစ်ခွက်ကို အပေါ်အမြင့်ကြီးမြှောက် ခွက်လှဲ့သွန်ချရင်း ဖျော်တာပဲဗျ။ အမြှုပ်တွေနဲ့ပေါ့။ ချစ်တီးကော်ဖီ လို့ခေါ်ကြပါတယ်။ ကျုပ်ငယ်ငယ်က အဖိုးနဲ့ ကာကာဆိုင်လိုက်သွားတဲ့အခါ အဖိုးက “ဟေး..ကာကာကျာရေပြာလား၊ ကျီးနိကပ် ပတီနိမ်း” တဲ့။ လ္ဘက်ရည်တစ်၊ မလိုင်နဲ့ အချိုလျော့ ဆိုတာကိုး။ အခုအဆင့်မြင့် အိန္ဒိယရက်စ်ထရွန့်တွေမှာ မဆလာတီး၊ ဂျင်ဂျာတီး ရပါတယ်။ စကားမစပ် ကြောငြာဝင်ရရင် ကလောရောက်ခိုင် နေပါလီ ဆိုင်မှာ အဲဒီလို တီး ဝင်သောက်ရသဗျ။
အဲဒီကာလမှာ ဒို့ဗမာ လ္ဘက်ရည်ဆိုင် တချို့လည်းရှိသဗျ။ သင်္ဘောဆိပ်လိုနေရာမျိုးမှာ ရှိတတ်ပါတယ်။ မုန့်ကြွပ်ကလေး၊ ဘိန်းမုန့်လေးနဲ့ပေါ့ ခင်ဗျာ။ အရွယ်လေးရလာတော့ တစ်ယောက်တည်း လ္ဘက်ရည်ဆိုင် ထိုင်ဝံ့လာပြီ။ အိမ်နဲ့အနီးဆုံးတရုတ်လ္ဘက်ရည်ဆိုင်မှာဖောက်သည်ဖြစ်လာပြီ။ ဆိုင်ရှင် ထောင်ကဲ ဖျော်တာ မြင်ရဖန်များတော့ မှတ်မိနေပါတယ်။ အရင်ဆုံး မတ်ခွက်ထဲအဖန်ကျရည်ထည့်၊ နွားနို့ထည့် သကြားထည့်၊ နို့ဆီ နို့စိမ်း ထည့်။ မလိုင်နည်းနည်းထည့် ပြီးရင် ရပြီ။ လ္ဘက်ရည်ဆိုင်သွားထိုင်ရတာက ပိုလို ခဲချင်တာလည်းပါ ပါတယ်ခင်ဗျာ။
နောက်ကျောင်းသားကြီးဘဝ ဦးချစ်လ္ဘက်ရည်ဆိုင်၊ စေတနာရှင်၊ ဖြိုးဝေ၊ ကိုအောင်ရင့်ဆိုင်၊ ကိုကျော်ဆိုင် စတဲ့ လ္ဘက်ရည်ဆိုင်တွေလိုက်ထိုင်ခဲ့တာပါပဲ။ မြို့ထဲ ရွှင်ကြည်အေး၊ နယူးရောင်စိန်၊ လေထန်ကုန်း၊ မုတ်ဆိတ် တဲ့ဗျာ။အခုခေတ်မှာတော့ လူငယ်လူရွယ် လူမျိုးစုံ လ္ဘက်ရည်ဆိုင်ဖွင့်ကြပြီ။ တီးဟောက်စ်တဲ့၊ စားဖွယ်စုံတဲ့၊ ကဖီးတဲ့၊ တကယ်လည်း စားဖွယ်စုံပါတယ်။ တရုတ်ဒင်ဆမ်းက အစ အိန္ဒိယတိုရှည်အလယ်၊ ဗမာနန်းကြီးအဆုံး အကုန်ရတာကိုး။ လ္ဘက်ရည်ကျတော့လည်း ပုံမှန်တဲ့၊ ပေါ့ဆိမ့်တဲ့၊ ချိုဆိမ့်တဲ့၊ ဖန်ကျတဲ့၊ ရိုးရိုးရှယ်တိုင်ကီ ဆိုတာလည်းရှိသေး။၈၈ နောက်ပိုင်းကော်ဖီမစ် တီးမစ်တွေပေါ်လာတော့ ဝေးသီခေါင်တဲ့ နေရာတွေက လ္ဘက်ရည် ကော်ဖီကြိုက် သူတွေ အဆင်ပြေသွားကြပါတယ်။ သို့သော် မရှိသုံးပဲဗျ။ ဆိုင်ဖျော် လ္ဘက်ရည်ကို တမ်းတကြပါတယ်။ အင်္ဂလိပ်တွေက ညနေ ၄ နာရီနောက်ပိုင်းဆို tea time တဲ့ဗျာ။ လ္ဘက်ရည်ကျဲကျဲလေးနဲ့ ကွက်ကီး ဘီစကွတ်လောက်နဲ့ အနားယူကြတာပေါ့။ ကျုပ်လည်း အဲဒီစနစ်တော့ ကြိုက်သားဗျ။ အိမ်ဖျော်တီးလေးနဲ့ ကွတ်ကီးလေးနဲ့ စာဖတ်ရင်းသောက်သုံးနေရပေမယ့် လမ်းဘေး လ္ဘက်ရည်ဆိုင် ကြီးတွေလှမ်းမြင်ရရင် တခါတရံဝင်သောက်တုန်းပေါ့ ခင်ဗျာ။
Credit: ကြွက်စုတ်ကြီး, www.whitesone.com