ဘူးသီးကြော်သုပ်
အိမ်မှာအေးအေးဆေးဆေးနားရတဲ့ရက်မျိုးဆို မိသားစုနဲ့အတူ ဘယာကြော်၊ ဘူးသီးကြော်၊ ဂေါ်ရခါးသီးကြော်လေးတွေလည်း ကြော်စားနိုင်တယ်နော်။ အိမ်မှာ ကိုယ်တိုင် အကြော်ကြော်စားတာက မုန့်နှစ်လည်းမချဉ်၊ ဆီလည်းသန့်ပြီး အချဉ်ရည်ကိုလည်း သန့်သန့်လေးစားလို့ရတယ်လေ။ ဒီတစ်ခေါက်မှာတော့ ဘူးသီးကြော်ကို မန်ကျည်းမှည့်ရည်လေးနဲ့သုပ်တဲ့ အအီပြေဘူးသီးကြော်သုပ်လေးကို ဘယ်လိုပြင်ဆင်မလဲဆိုတာမျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဘူးသီး တစ်စိတ် (ဘူးသီးကို ရေဆေး အခွံနွှာပြီး မထူမပါး ၆ စင်တီမီတာအရှည်အချောင်းလေးများ လှီးထားပါ)
- ချင်း ၅ စင်တီမီတာ (ညက်အောင်ထောင်းထားပါ)(အရည်ယူရန်)
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရွှေလိပ်ပြာအကြော်မှုန့် ၂၀၀ ဂရမ်
- ဂျုံမှုန့် ၁၀၀ ဂရမ်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ရေအေး ၃၀၀ မီလီလီတာ
- ဆီ ၄၀၀ မီလီလီတာ
- ခနောချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ရေနွေးစားပွဲတင်ဇွန်း ၁ ဇွန်းရောကာဖျော်ထားပါ)(ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသည် မန်ကျည်းမှည့် ၂ ကျပ်ခွဲသားခန့်နှင့်ညီမျှပါသည်)
- ပဲမှုန့် ထမင်းစားဇွန်း တစ်ဝက်
- နံနံပင် ၂ ပင် (ရေဆေးပြီးမထူမပါးလှီးထားပါ)
- ငရုတ်သီးစိမ်း ၃ တောင့် (ရေဆေးပြီး ခပ်စွေစွေညှပ်ထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဘူးသီးကြော်ဖို့အတွက်ဇလုံထဲကို အကြော်မှုန့်၊ ဂျုံမှုန့်၊နနွင်း၊ကြက်သားမှုန့်၊ချင်းအရည်၊ ရေတို့ထည့်ပြီး သမအောင်သေသေချာချာနယ်ပါ။
-
ပြီးရင်တော့ ဆီအိုးတည်ပါ။ ဆီဆူလာတဲ့အခါ လှီးထားတဲ့ဘူးသီးတွေနဲ့မုန့်နှစ်ကို သမအောင်နယ်ပြီး နှစ်ချောင်းခန့်စီပူးကြော်ပါ။ ဒယ်အိုးဆံ့သလောက်ထည့်ကြော်နိုင်ပါတယ်။
-
ဘူးသီးကြော်လေးတွေ ရွှေရောင်သန်းလာရင် တစ်ဖက်သို့လှန်ပေးပါ။ တစ်ခုလုံး ရွှေရောင်သန်းပြီး ကြွပ်ရွလာပြီဆိုရင် ဆန်ကာထဲဆယ်ထည့်ထားပါ။
-
ဘူးသီးကြော်လေးတွေလုံးဝအေးသွားတဲ့အခါ ဗူးသီးကြော်သုံးခုကိုယူပါ။ ပန်းကန်ထဲကိုကတ်ကြေးနဲ့ညှပ်ထည့်ပါ။
-
ပြီးရင်တော့ ကြက်သွန်နီ၊ ပဲမှုန့်၊ ငံပြာရည်၊ ငရုတ်သီး ၊ နံနံပင်၊ မန်ကျည်းရည်တို့ထည့်ကာ နယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မွှေးစပ်ချဉ်ပြုံးတဲ့အရသာလေးနဲ့ အအီပြေဘူးသီးကြော်သုပ်လေးကို ရရှိပြီဖြစ်ပါတယ်။
-
မန်ကျည်းရည်နံ့မွှေးမွှေးလေးနဲ့သုပ်ထားတဲ့ ချဉ်ငန်စပ်ဘူးသီးကြော်သုပ်လေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ကြည့်ပါဦးနော်။
Credit: https://www.howtocook.com.mm