Knowledge and News

ရှားပါးပြီးတန်ဖိုးရှိတဲ့ပင်လယ်သခွားသီး

Knowledge

ပုံမှန်စားသုံးနေတဲ့ သခွားသီးတစ်ကီလိုဟာ $3 ဒေါ်လာအောက်သာတန်ကြေးရှိပါတယ်။ ဒါပေမယ့် ပင်လယ်သခွားသီး(Sea Cucumber) ကတော့တစ်ကီလိုကို ဒေါ်လာ $3,000 အထက်တန်ကြေးရှိပါတယ်။ပင်လယ်သခွားသီးလို့ခေါ်ပေမယ့် ပင်လယ်ထဲမှာသီးတဲ့ အသီးတော့မဟုတ်ပါဘူး။ ပင်လယ်သခွားသီးဟာသက်ရှိဖြစ်ပါတယ်။

https://youtu.be/pyo07CFO_Qk

ပင်လယ်ရေအောက်ကြမ်းပြင်မှာ ရှင်သန်နေထိုင်ကြတဲ့ ကျောရိုးမဲ့ရေနေသတ္တဝါတစ်မျိုးပါ။ သခွားသီးနဲ့တူလို့ပင်လယ်သခွားသီးလို့ခေါ်ကြတာဖြစ်ပါတယ်။ပင်လယ်သခွားသီးအကောင်လေးတွေဟာ စျေးကွက်မှာအလွန်တန်ဖိုးရှိတာကြောင့် လူတွေဟာအသက်နဲ့ရင်းပြီးရေငုပ်ကာအဲ့ဒီအကောင်လေးတွေကို ရှာဖွေဖမ်းယူရောင်းချကြပါတယ်။

ပင်လယ်သခွားသီးအကောင်လေးတွေဟာ အလွန်ထူးဆန်းတဲ့တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာရှည်မျောမျောလေးဖြစ်ပြီး အဖုအထစ်ပါတဲ့အရေပြားရှိပါတယ်။သူတို့မှာခြေလက်အင်္ဂါနဲ့ မျက်လုံးတွေမရှိကြပါဘူး။ သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပါးစပ်နဲ့ စအိုပဲ ပါရှိပါတယ်။ပင်လယ်သခွားသီးအကာင်မျိုးစိတ်ပေါင်း (၁၂၅၀) လောက်ရှိပါတယ်။ သူတို့ရဲ့သိပ္ပံနာမည်ကတော့ Holothuroidea ဖြစ်ပါတယ်။ အရွယ်အစားကတော့ အနည်းဆုံး ၁.၉ စင်တီမီတာ (၀.၇၅ လက်မ) ကနေ အများဆုံး ၆ ပေ အထိ အရှည်ရှိကြပါတယ်။

တစ်ကီလို ဒေါ်လာ ၃,၀၀၀ ကျော်တန်ကြေးရှိတဲ့ ပင်လယ်သခွားသီးအကောင်လေးတွေကို ကမ္ဘာတစ်ဝှမ်းက ပင်လယ်ရေအောက်ကြမ်းပြင်တွေမှာ တွေ့ရှိနိုင်ပါတယ်။ပင်လယ်ရေအောက်ကြမ်းပြင်မှာနေထိုင်တဲ့ အကောင်လေးတွေကို လူတွေကလည်းရှာကြံပြီး စားသောက်ကြပါတယ်။ပင်လယ်သခွားသီးအကောင်ကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူပြီး နာမည်ကြီးဟိုတယ်များမှာ စျေးအကြီးဆုံးပင်လယ်စာဟင်းလျာအဖြစ် ချက်ပြုတ်ရောင်းချကြပါတယ်။ပင်လယ်သခွားသီးကို ဝါးစားရင် ပျော့တော့တော့ ပျင်းတွဲတွဲ ထုတ်ထုတ်လေးဖြစ်နေပြီး မချိုမငန်အရသာရှိတယ်လို့သိရပါတယ်။ပင်လယ်သခွားသီးအကောင်တွေ စျေးကြီးရတာက သူတို့ရဲ့အရသာကြောင့်တော့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကိုစားရတဲ့ အတွေ့အကြုံက သူတို့ရဲ့ဆွဲဆောင်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ပင်လယ်သခွားသီးအကောင်ရဲ့ အရေပြားထဲမှာ Fucosylated Glycosaminoglycan လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးမြင့်မားစွာပါဝင်တာကြောင့် လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက အာရှတစ်ဝှမ်းက လူတွေက အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့ အဆစ်အမြစ်ပြဿနာများကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။မကြာသေးမီက ဥရောပမှာ ကင်ဆာရောဂါများကိုကုသဖို့နဲ့ သွေးခဲခြင်းကို လျော့ချဖို့အတွက် သူတို့ကို အသုံးပြုလာကြပါတယ်။

၁၉၈၀ ပြည့်နှစ်လွန်များကတည်းက အာရှဒေသမှာ ပင်လယ်သခွားသီးအကောင်တွေကို တကယ့်စားကောင်းသောက်ဖွယ်ဟင်းကောင်းတစ်ခုအဖြစ်သာမက အစွမ်းထက်ဆေးတစ်လက်အဖြစ်လည်း စားသောက်လာခဲ့ကြပါတယ်။ယခုအခါမှာတော့ ပင်လယ်သခွားသီးအကောင်တွေကို အနောက်တိုင်းဆေးဝါးကုမ္ပဏီများကပါ စိတ်ဝင်စားမှုမြင့်တက်လာကြပါတယ်။ဒါကြောင့်ကမ္ဘာအနှံ့ကနိုင်ငံတွေဟာ ပင်လယ်သခွားသီးအကောင်တွေကို ရှာဖွေတင်ပို့ ရောင်းချခဲ့ကြပါတယ်။၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ပင်လယ်သခွားသီးအကောင်တွေကို တင်ပို့ရောင်းချတဲ့ နိုင်ငံပေါင်း၃၅ နိုင်ငံကနေ ၈၅ နိုင်ငံအထိတိုးတက်များပြားလာခဲ့ပါတယ်။ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ပင်လယ်သခွားသီးအကောင်အရေအတွက်များစွာလျော့နည်းလာပါတယ်။ အချို့ပင်လယ်သခွားသီးမျိုးစိတ်တွေဆိုရင် မျိုးသုဥ်းသွားပြီ ဖြစ်ပါတယ်။ တွေ့ရှိရဖို့လည်း အင်မတန်ရှားပါးသွားပြီဖြစ်ပါတယ်။ ဒီလိုရှားပါးလာလေလေ စျေးပိုကြီးလာလေ ဖြစ်ပါတယ်။

ပင်လယ်ကြမ်းပြင်မှာပဲနေတဲ့ ပင်လယ်သခွားသီးအကောင်တွေကို ရေငုပ်အင်မတန်ကျွမ်းကျင်တဲ့ ရေငုပ်သမားတွေကအသက်ကိုရင်းပြီး ရှာဖွေဖမ်းယူကြပါတယ်။ အဲဒီအကောင်တွေကို ရှာဖွေရင်း သေဆုံးခဲ့တဲ့ ရေငုပ်သမားဦးရေဟာမက်ဆီကိုနိုင်ငံတစ်နိုင်ငံထဲမှာ အယောက် ၄၀ ကျော်ရှိပြီဖြစ်ပါတယ်။ဒီလိုမျိုးကျွမ်းကျင်ရေငုပ်သမားတွေက အသက်ကိုရင်းပြီး ရေငုပ်ရှာဖွေပေမယ့်လည်း ပင်လယ်သခွားသီးအကောင်တွေကို တွေ့ရှိဖို့ အင်မတန်ခက်ခဲသွားပြီဖြစ်ပါတယ်။ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ပင်လယ်သခွားသီးအကောင်တွေ အင်မတန်ရှားပါးလာပြီး ခက်ခက်ခဲခဲရှာဖွေရတာကြောင့် အလွန်စျေးကြီးနေတာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပင်လယ်သခွားသီးကို တနင်္သာရီကမ်းရိုးတန်း တစ်လျောက်က ဒေသခံတွေနဲ့ ဆလုံလူမျိုးတွေက အဓိကဖမ်းပြီး နိုင်ငံခြားစျေးကွက်သို့ တင်ပို့လေ့ရှိကြောင်း သိရပါတယ်။

Credit:https://hotnewmyanmar.com