Knowledge and News

ချဥ်ပေါင်ပင်စိုက်ပျိုးနည်း

Agriculture

ချဉ်ပေါင်

အင်္ဂလိပ်အမည် – Roselle and Deccan hemp

ရုက္ခဗေဒအမည် – Hibiscus subdariffa

( ဘိလပ်ချဉ်ပေါင်ခေါ် ချဉ်ပေါင်အနီ)

– H.cannabinus ( ချဉ်ပေါင်ကြီး )

မျိုးရင်း – Malvaceae

မူရင်းဒေသ – အိန္ဒိယ၊ အရှေ့တောင်အာရှ

 

ချဉ်ပေါင်အမျိုးအစားခွဲခြားခြင်း

ချဉ်ပေါင်ကိုထယ်ထိုးထွန်မွှေသော မြေတွင် တစ်တန်းနှင့်တစ်တန်း နှစ်ပေခွဲခွာ၍၊ တစ်စေ့နှင့်တစ်စေ့ လေးလက္မမှရှစ်လက္မခွာကာ ပျိုးစေ့ချ၍လည်းစိုက်ပျိုးနိုင်သည်။ သို့မဟုတ် သုံးပေခွာစိုက်ဘောင်များ ပြုလုပ်ပြီး ဘောင်ပေါ်တွင် တစ်ကျင်းနှင့်တစ်ကျင်းတစ်ပေမျှခွာပြီးလျှင် လေး – ငါးစေ့ မျိုးစေ့ချကာအသန်မာဆုံး တစ်ပင်နှစ်ပင်စီချန်၍လည်းစိုက်ပျိုးနိုင်သည်။ ဤနည်းဖြင့် ညှပ်ချဉ်ပေါင်စိုက်နိုင်သည်။ နုတ်ချဉ်ပေါင်စိုက်နည်းမှာ အလျားပေနှစ်ဆယ်မှ သုံးဆယ်၊ အနံ‌လေးပေမှ ငါးပေ၊ အမြင့်လေးလက္မမှ ခြောက်လက္မရှိသော စိုက်ဘောင်များရအောင် ပြုလုပ်ပြီး စိုက်ဘောင်တစ်ခုလျှင် မြေဆွေး ( သို့မဟုတ် ) နွားချေးနှစ်တင်းခန့်နှင့်ယူရီးယားတစ်ဆယ်သားခန့်ထည့်ကာ သမအောင် ထွန်ခြစ် (သို့မဟုတ်) ပေါက်ပြားခြင့် ရောမွှေပေးရသည်။ ထို့နောက် တစ်တန်းနှင့်တစ်တန်း သုံး / လေးလက္မခွာ စိုက်ကြောင်းများကို စိုက်ဘောင်၏ ကန့်လန့်ဖြတ်ဖော်ရသည်။ မျိုးစေ့များကို စိုက်ကြောင်းများပေါ်တွင် ကြွက်မြီးတန်းချ၍ စိုက်ပျိုးလျှင် သုံးရက်ခန့် ကြာသောအခါ အပင်ပေါက်လာသည်။ စိုက်စဉ်ကမြေကြီးတွင် မီးဖိုပြာထည့်ပေးခဲ့လျှင် မြေကြီးသည် သဲဆန်ပါက ရေမှန်မှန်လောင်းပေးပြီး ပေါင်းရှင်းပေးလျှင် နှစ်ဆယ့်ငါးရက်သားမျှနှင့် နုတ်ယူနိုင်သော အခြေအနေသို့ရောက်ရှိပြီး အရည်အချင်းလည်းမြင့်မား၍ စားသုံးသူကြိုက်သည်။ သို့မဟုတ်ပါက ပုံမှန်အားဖြင့် တစ်လခွဲ၊ နှစ်လကြာမှ နုတ်ယူရောင်းချနိုင်သော အခြေအနေသို့ရောက်သည်။ ညှပ်ချဉ်ပေါင်ခင်းကိုလည်း မှန်မှန်ရေလောင်းခြင်း၊  ရေသွင်းခြင်း ( မိုးမရွာပါက )၊ ယူရီးယား ဓာတ်မြေသြဇာ တစ်ဧကလျှင် ငါးဆယ်ပိဿာနှုန်း၊ ပိုတက်ခုနှစ်ပိဿာနှုန်း မစိုက်မီထည့်ပေးပြီး စိုက်ပြီးနှစ်ဆယ်ရက်သား၊ နှစ်ဆယ့်ငါးရက်သားတွင် ယူရီးယား တစ်ဧကလျှင် ဆယ့်ငါးပိဿာနှုန်းထည့်ပေးရပြန်သည်။

 

ချဉ်ပေါင်တွင် ကျရောက်တတ်သောဖျက်ပိုးများ

၁။ ပုရွက်ဆိတ်သည် မျိုးစေ့များကို စိုက်ဘောင်တစ်ခုလုံး ကုန်စင်အောင် စားပစ်ကြသည်။ ချီယူသွားတတ်ကြသည်။

၂။ ပက်ကျိ (အင်းဆက်ပိုးမဟုတ်)သည် အပင်ပေါက်စမှတစ်ပတ်သား အပင်ငယ်များအထိ အပင်ရင်းကိုစုပ်၍ အပင်ရည်ကိုစုပ်စားကြသဖြင့် အပင်ရင်းအားပျော့ပြီး အပင်ငယ်များ လဲကျကာ သေဆုံးကုန်သည်။

၃။ ကောက်ဆစ်ကြမ်းပိုး (ကြမ်းပိုးအမျိုးအစား) တစ်ပင်တလေသာကျရောက်တတ်သည်။ အရွက်မှနေ၍ အပင်အရည်ကိုထိုးဖောက်စုပ်စားသည်။ မှိုနက်ရောဂါကိုလည်းသယ်ဆောင်သည်။

၄။ ဝါရွက်လိပ်ပိုးသည် ချဉ်ပေါင်တွင်လည်း ကျရောက်တတ်သည်။

 

ချဉ်ပေါင်တွင် ကျရောက်တတ်သောရောဂါများ

အထင်အရှား မရှိ။

Credit: မျိုးသန့်(B.Ag) ရေဆင်းတက္ကသိုလ်,ခေတ်မှီဘက်စုံစိုက်ပျိုးနည်းပညာစာအုပ်မှကောက်နုတ်ဖော်ပြပါသည်။